ဘာလို့ ရေဓါတ်ပြည့်ဝနေသင့်တာလဲ
Benefits of staying hydrated - ဘာလို့ ရေဓါတ်ပြည့်ဝနေသင့်တာလဲ


ဟေ့ ဒီနေ့ ရေသောက်ပြီးပြီလား? 

ရေက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်‌ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရာဆိုတာ လူတိုင်းသိကြပါတယ်။ ဒါ‌ပေမယ့်လည်း လူတော်တော်များများက ရေလုံလောက်စွာ သောက်ပေးဖို့ အမြဲမေ့တတ်ကြပါတယ်။ ရေဓာတ်ပြည့်ဝခြင်းက ကျန်းမာတဲ့ အသားအရေကို ပေးစွမ်းနိုင်ခြင်းကနေ အားအင်တွေပါ မြှင့်တင်ပေးခြင်းအထိ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ‌ ရေဓာတ်ပြည့်ဝခြင်း အကျိုးကျေးဇူးတွေအပြင် တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေအောင် လုပ်ဆောင်နိုင်မယ့် အကြံပြုချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ရေဓာတ်ပြည့်ဝခြင်းရဲ့ အကျိုးကျေးဇူးများ

  အသားအရေ ကျန်းမာစေခြင်း - ရေလုံလောက်စွာသောက်ခြင်းက အရေပြားအတွက် ရေဓာတ်ထိန်းသိမ်းပေးတာကြောင့် အရေပြားတင်းရင်းစေပြီး အရေးအကြောင်းများကို  ကာကွယ်ပေးပါတယ်။

  အားအင်မြှင့်တင်ပေးခြင်း - ရေဓာတ်ခန်းခြောက်ခြင်းက ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပြီး ကျွန်တော်တို့ရဲ့ အားအင်တွေကို ထိခိုက်စေပါတယ်။ ရေလုံလောက်စွာ သောက်‌ပေးခြင်းက အာရုံစူးစိုက်မှုနဲ့ နိုးကြားမှု (alertness) ကို တိုးတက်စေဖို့ ကူညီပေးနိုင်ပါတယ်။

  ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးခြင်း - ရေက homeostasis (ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်များ အခြေအနေမျှတမှုရှိခြင်း) ကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။

  အစာကြေလွယ်စေခြင်း - ရေသောက်ခြင်းက အစာခြေစနစ်ကို ကောင်းမွန်စွာ လည်ပတ်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

  အဆိပ်အတောက်များ ဖယ်ရှား‌ပေးခြင်း - ရေဟာ ဆီးနဲ့ ချွေးများမှတစ်ဆင့် ခန္ဓာကိုယ်မှ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။

  ခေါင်းကိုက်ခြင်းမှ ကာကွယ်ပေးခြင်း - ရေဓာတ်ခန်းခြောက်ခြင်းက ခေါင်းကိုက်စေတဲ့ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုပါ။ ဒါကြောင့် ရေလုံလောက်စွာသောက်ခြင်းက ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။


တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေစေဖို့အတွက် အောက်ပါအချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။

  •   အနားမှာ ရေဘူးအမြဲဆောင်ထားပါ။
  •   အနည်းဆုံး တစ်နာရီတစ်ခါလောက် ရေသောက်ပေးဖို့ ဖုန်း သို့မဟုတ် ကွန်ပျူတာတွေမှာ reminder လေး ထားထားပေးပါ။
  •   ရေဓာတ်ပြည့်ဝပြီး အစာခြေစနစ်ကို ကောင်းမွန်စေဖို့အတွက် အစာမစားခင်နဲ့ စားပြီးတိုင်း ရေသောက်ပေးပါ။
  •   ဖရဲသီး၊ သခွားသီးနဲ့ စတော်ဘယ်ရီတို့လို ရေဓာတ်ကြွယ်ဝတဲ့ အသီးများကိုလည်း စားပေးနိုင်ပါတယ်။
  •   သကြားဓာတ်နဲ့ ကဖိန်းဓာတ်ပါတဲ့ အဖျော်ယမကာတွေက ရေဓာတ်ခန်းခြောက်စေနိုင်တာမလို့ ရှောင်ကြဉ်တာ သို့မဟုတ် ပမာဏအသင့်အတင့်သာ သောက်သုံးခြင်းပေးတာအကောင်းဆုံးပါ။

ကျန်းမာရေးကောင်းဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့က အရမ်းအရေးကြီးတာကြောင့် နေ့တိုင်း အနည်းဆုံး ရေ (၂)လီတာလောက် မဖြစ်မနေ သောက်ပေးဖို့လိုပါတယ်။ ရေက အသက်ပါပဲ။ အထူးသဖြင့် ဒီလိုပူပြင်းတဲ့ နွေရာသီရောက်လာတဲ့အချိန်မှာ ရေဓာတ်ခန်းခြောက်လွယ်တာမလို့ မလိုအပ်တဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်ရအောင် ရေမှန်မှန်သောက်ပေးဖို့ မမေ့ပါနဲ့နော်…

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



Share this post
Tags
Archive
မြွေကိုက်ခံရရင်ဘာတွေလုပ်ရမလဲ