မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…
မီးယပ်သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတိုင်းကြုံတွေ့ရမယ့် သဘာဝတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ (၁၂)လ ဆက်တိုက် ဓမ္မတာမပေါ်တော့ဘဲ ရာသီစက်ဝန်းရပ်သွားခဲ့ပြီဆိုရင်တော့ ဆေးပညာအရ မီးယပ်သွေးဆုံးပြီလို့ ခေါ်ဆိုပါတယ်။ သွေးဆုံးပြီဆိုရင်တော့ ဒါဟာ မိမိရဲ့သားဖွားမီးယပ်နိုင်မှုတွေ ပြီးဆုံးလွန်မြောက်သွားပြီလို့ သိလိုက်ရတာဖြစ်ပါတယ်။
Menopause (မီးယပ်သွေးဆုံးခြင်း) လို့ ဝေါဟာရတစ်ခုတည်းနဲ့သုံးနှုံးကြတယ်ဆိုပေမယ့် ဆေးပညာအရဆိုရင်တော့ မီးယပ်သွေးဆုံးခြင်းကို အပိုင်းအခြား (၃)ခု ထပ်မံ ခွဲခြားထားပါတယ်။ အဲ့တာတွေကတော့ -
Peri-Menopause - မီးယပ်သွေးဆုံးမှုစတင်နေသောအချိန်
Menopause - မီးယပ်သွေးဆုံးချိန် နဲ့
Post-Menopause - မီးယပ်သွေးဆုံးပြီးချိန် တို့ပဲဖြစ်ပါတယ်။
ဒီဆောင်းပါးလေးမှာကတော့ မီးယပ်သွေးဆုံးခါနီးမှာ သတိထားရမယ့် လက္ခဏာများကို ဦးစားပေးဖော်ပြပေးသွားမှာ ဖြစ်ပါတယ်နော်။
မီးယပ်သွေးဆုံးချိန် အမျိုးသမီး တစ်ဦးနဲ့တစ်ဦးအနည်းငယ်ကွာဟနိုင်ပါတယ်။ စစ်တမ်းများအရ ပုံမှန်အများအားဖြင့်ဆိုရင်တော့ အသက် (၄၅)နှစ်နဲ့ (၅၅)နှစ်ကြားမှာ သွေးဆုံးချိန်ရောက်လေ့ရှိကြပါတယ်။
မီးယပ်သွေးဆုံးချိန်နီးပြီဆိုရင် အမျိုးသမီးများ အရင်ဆုံးကြုံတွေ့ခံစားရလေ့ရှိတာတွေကတော့ VMS (Vasomotor Symptoms) လို့ခေါ်တဲ့ သွေးလေလည်ပတ်မှုလက္ခဏာတွေဖြစ်ပါတယ်။ အဖြစ်အများဆုံးကတော့ Hot Flashes လို့ခေါ်တဲ့ မီးယပ်ချမ်းလက္ခဏာတွေပါ။ အရပ်အခေါ် သွေးဆုံးကိုင်တယ်လို့ခေါ်တဲ့ Hot Flashes ရဲ့ လက္ခဏာတွေကတော့ -
ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း
ပူလောင်ခြင်း
နှလုံးခုန်မြန်ခြင်း
ချွေးထွက်များခြင်း တို့ပါဝင်ပါတယ်။
တစ်ခြားသော သွေးဆုံးခါနီးအချိန်မှာ ကြုံတွေ့ရနိုင်တဲ့ အခြားလက္ခဏာအချို့ကတော့ -
ဓမ္မတာမမှန်ခြင်း (သို့) ဓမ္မတာပျောက်ပျောက်သွားတတ်ခြင်း
မိန်းမကိုယ် ခြောက်သွေ့လာခြင်း
သားမြတ်တွေ တင်းခြင်း၊ နာကျဥ်ခြင်း
မကြာခဏ ဆီးသွားတတ်လာခြင်း
နှစ်ခြိုက်စွာအိပ်မပျော်ခြင်း (သို့) လန့်လန့်နိုးခြင်း
ရင်တုန်ပန်းတုန်မောပန်းနေတတ်ခြင်း
စိတ်ဂနာမငြိမ်ဖြစ်ခြင်း
အသားရေခြောက်သွေ့လာခြင်းနဲ့
မကြာခဏ အာခြောက်တတ်လာခြင်းတို့ပဲဖြစ်ပါတယ်။
မိမိရဲ့ အသက်အရွယ်နဲ့ ဒီလိုလက္ခဏာမျိုးတွေ ကြုံတွေ့နေရပြီဆိုရင်တော့ ဒါဟာသွေးဆုံးတော့မယ့် လက္ခဏာတွေလားဆိုတာကို ချိန်ဆကြည့်လို့ရဖို့ အထောက်အကူဖြစ်နိုင်မယ်လို့ ထင်ပါတယ်နော်။ ရှေ့ဆုံးမှာ ပြောခဲ့သလိုပဲ မီးယပ်သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတိုင်းကြုံတွေ့ရမယ့် သဘာဝပဲဖြစ်တာမို့ စိုးရိမ်ထိတ်လန့်နေစရာမလိုဘဲ ကျော်ဖြတ်သွားလို့ရတဲ့ အချိန်တစ်ခုဖြစ်တယ်ဆိုတာကိုလဲ သတိရစေချင်ပါတယ်။
သွေးဆုံးကိုင်တဲ့လက္ခဏာတွေရဲ့ ပြင်းထန်မှုကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားနိုင်တာမို့ ကုသဆွေးနွေးမှုဖြစ်စေ၊ ဖြည့်စွက်ဆေးဝါးများဖြစ်စေလိုအပ်တာမျိုးတွေတော့ ရှိနိုင်ပါတယ်။
ဟုတ်ကဲ့ပါ ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးတဲ့အတွက်လဲကျေးဇူတင်ပါတယ်။ ပြီးတော့ …
အားဆေးနှင့်ဆေးဝါးများဝယ်ယူရန်ဖြစ်စေ၊ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်စေ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။