မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…
ဒီတစ်ခါမှာတော့ ကိုယ်နေဟန်ထားမှန်ကန်စေပြီး ဝမ်းဗိုက်ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ Plank လေ့ကျင့်ခန်း အကြောင်းကို ဖော်ပြပေးသွားပါ့မယ်။ နေ့စဥ်လဲ ပြုလုပ်နိုင်သလို အချိန်လဲအများကြီးပေးစရာမလိုဘဲ အကျိုးကျေးဇူးများတဲ့ လေ့ကျင့်ခန်းဖြစ်တာမို့ လေ့လာပြီး လုပ်ကြည့်စေချင်ပါတယ်နော် ။
ပလန့်ထောက်ခြင်းလို့ခေါ်တဲ့ Plank Exercise ကို Abdominal Bridge လို့လဲခေါ်ဆိုနိုင်ပြီး ဝမ်းဗိုက်ကြွက်သား၊ နောက်ကျောနဲ့ ပုခုံးတွေကို အဓိက ထိရောက်စေတဲ့လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်။ အလေးမ' အားကစားလုပ်နေသူတွေနဲ့ 6packs ထွက်ဖို့ကြိုးစားကစားနေကြသူတွေအတွက်ဆိုရင်လဲ Plank ထောက်ခြင်းက မပါမဖြစ် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
ပလန့်ထောက်ဖို့အတွက်ကတော့ ပုံမှာပြထားတဲ့အတိုင်း မြေပြင်ညီတစ်ခုရှိရင် စတင်လေ့ကျင့်ခန်းလုပ်လို့ရပါပြီ။
ကြမ်းပြင်ပေါ်မှာ လက်နှစ်ဖက် နဲ့ ဒူးနှစ်ဖက်ကို ထောက်လိုက်ပါ။ လက်တွေကို ပခုံးနဲ့တစ်တန်းတည်းဖြားပါ။ ခြေထောက်တွေကိုလည်း တင်ပါးအကျယ်အတိုင်းထားပါ။ ပြီးရင် ခြေထောက်တွေကိုဆန့်ထုတ်လို့ ခြေဖျားပေါ်မှာအားပြုပါ။
ပလန့်ထောက်တဲ့အခါ High Plank နဲ့ Low Plank လို့ခေါ်တဲ့
အမြင့် နဲ့ အနိမ့် ၂ မျိုး ကြိုက်နှစ်သက်ရာ အဆင်ပြေရာပုံစံနဲ့ ထောက်လို့ရပါတယ်။ အမြင့်ကတော့ လက်ကိုအပြည့်ဆန့်တန်းထားပြီး လက်ဝါးနှစ်ဖက်နဲ့ထောက်တာဖြစ်ပြီး အနိမ့်ကတော့ လက်ထောက်ချပြီး လက်သီးဆုပ်လို့ လက်ဖျံပေါ်မှာ အားပြုရတာပါ။ ဝမ်းဗိုက်ကို ချပ်ထားပြီး ခါးကိုဆန့်တန်းထားရမှာဖြစ်ပါတယ်။
၁၅စက္ကန့် ၊ စက္ကန့် ၃၀ ကနေ စ' လို့ မိနစ်တွေအထိ ကြိုးစားထောက်လို့ရပါတယ်။ အများစုသော သုတေသီတွေကတော့ ၂ မိနစ်လောက် နေ့စဥ် ပလန့်ထောက်ခြင်းက လုံလောက်တယ်လို့ဆိုကြပါတယ်။ ဗဟုသုတအနေနဲ့ ဖော်ပြရရင်တော့ ကမ္ဘာ့အကြာဆုံး ပလန့်ထောက်နိုင်ခဲ့တဲ့ Record တွေအရ အမျိုးသားက ၉နာရီ ၃၀မိနစ်နဲ့ ၁စက္ကန့်ဖြစ်ပြီး၊ အမျိုးသမီးကတော့ ၄နာရီ ၁၉မိနစ်နဲ့ ၅၅စက္ကန့် ဖြစ်ပါတယ်။
ပလန့်ထောက်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုရင်တော့
ဝမ်းဗိုက်၊နောက်ကျောနဲ့ပုခုံးကြွက်သားတွေကြံ့ခိုင်မယ်
ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေကို အားပေးတယ်
ခန္ဓာကိုယ် ကိုယ်နေဟန်အချိုးကျမှန်ကန်လာမယ်
ခါးနာ ကျောနာတာတွေကို သက်သာစေတယ်
ကျောရိုးကိုလဲ ကျန်းမာကြံ့ခိုင်စေမယ်
ခန္ဓာကိုယ်ကို ပျော့ပျောင်းလာစေတယ်
ဦးနှောက်အပါဝင် ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်မှုကောင်းမွန်စေပါမယ်
ဟုတ်ကဲ့ပါ ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်။ ပြီးတော့ …
ဆေးဝါးများဝယ်ယူရန်ဖြစ်စေ အထူးကုဆရာဝန်ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်စေ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။