မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…
အရွယ်ရောက်ပြီးတဲ့ လူတိုင်းနီးပါး ဇာတ်ကြောတက်ဖူးကြမယ်လို့တော့ထင်ပါတယ်။ ဇာတ်ကြောတက်ခြင်းက နည်းနည်းလေးကနေ အချို့မှာဆိုရင်တော့ အတော်ပြင်းပြင်းထန်ထန်အထိ နာကျင်တာမျိုး ခံစားရတတ်ပါတယ်။ ပြီးတော့ ဇာတ်ကြောတက်တဲ့ဝေဒနာဟာ နာရီပိုင်းအတွင်း ပြန်လည်သက်သာသွားတတ်သလို ရက်အတန်ကြာတဲ့အထိလဲ ခံစားရနိုင်ပါတယ်။ အလုပ်ပင်ပန်းလို့ဖြစ်စေ၊ အထိုင်များလို့ဖြစ်စေ၊ ကွန်ပြူတာတွေအသုံးပြုရတာများလို့ဖြစ်စေ၊ စိတ်ဖိစီးမှုများလို့ဖြစ်စေ ရံဖန်ရံခါ ဇာတ်ကြောတက်ဝေဒနာကို ခံစားရတတ်ပေမယ့် .. ခဏခဏ ဇာတ်ကြောတက်ဝေဒနာကို ခံစားရလာပြီဆိုရင်တော့ နာတာရှည်ရောဂါတစ်ခုအဖြစ် ပြောင်းသွားတတ်တာမို့ မပေါ့ဆသင့်ပါဘူး။
ဇာတ်ကြောခဏခဏတက်တတ်တဲ့သူတွေအတွက် အကြံပေးချင်တာကတော့ ..
ပုံစံတစ်မျိုးထဲနဲ့အချိန်ကြာမြင့်စွာ မနေပါနဲ့
ပါဝါမျက်မှန်တပ်တဲ့သူဆိုရင် မျက်မှန်ပါဝါကို မှန်ကန်ပါစေ
အိပ်စက်တဲ့အခါ ကိုယ့်အတွက် မြင့်သော၊ မာသော ခေါင်းဦးများကို အသုံးမပြုပါနဲ့
ဖုန်းအသုံးပြုတဲ့ screen time ကိုလျော့ချပါ
ဆေးလိပ်မသောက်ပါနဲ့
စိတ်ဖိစီးမှုကို လျော့ချဖို့ကြိုးစားပါ
မပြင်းထန်သောလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပါ
ဇာတ်ကြောတက်ခြင်းကို ဖြေလျော့နိုင်တဲ့ကုသမှုများ
ဒါလေးတွေကို မဖတ်ခင် အရင်ဦးဆုံးအနေနဲ့ကတော့ .. လည်ပင်းနဲ့ဂုတ်ပတ်လည်မှာနာကျင်တာ၊ ဦးခေါင်းကို ဘယ်/ညာ/အထက်/အောက် လှုပ်လို့မရတာတွေအားလုံးဟာ ကျွမ်းကျင်သော ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့လိုတယ်ဆိုတာကို သိထားပေးပါ။ မပြင်းထန်သော ဇာတ်ကြောတက် ဇာတ်ကြောနာခြင်းတွေကိုတော့ အောက်ပါတို့ကို ပြုလုပ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်နော်။
ရေနွေးအိတ် နဲ့ ရေခဲကို အလှည့်ကျစီ နာရီပိုင်းခြားပြီးကပ်နိုင်ပါတယ်။ ရေခဲက ရောင်ရမ်းခြင်းကိုလျော့နည်းစေပြီး ရေနွေးအိတ်ကတော့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
ဒဏ်ကြေလိမ်းဆေးအသုံးပြုနိုင်ပါတယ်
လည်ပင်းကြောဆန့်ခြင်း၊ လည်ပင်းတစ်ဝိုက်ကိုအကြောလျော့ခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ရုတ်တရက် ဆတ်ခနဲ အကြောဆန့်တာမျိုးကိုတော့ လုံးဝမလုပ်သင့်ပါဘူးနော်။
စနစ်ကျ ကျွမ်းကျင်သော နှိပ်နယ်ခြင်းမျိုး ခံယူနိုင်ပါတယ်
နောက်ဆက်တွဲ ပြဿနာများ (သို့) ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အများစုကတော့ အိမ်တွင်းကုသမှုများဖြင့် သက်သာလေ့ရှိပါတယ်။ ရက်အတန်ကြာတဲ့အထိ မသက်သာခဲ့ရင်တော့ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ရက်အတန်ကြာနာကျင်တာ ဇတ်ကြောတက်နေတာမျိုးမဟုတ်ခဲ့ရင်တောင် ဒီလိုလက္ခဏာတွေရှိလာခဲ့မယ်ဆိုရင်လဲ ဆရာဝန်နဲ့ပြသပြီး ကုသမှု ခံယူသင့်ပါတယ်
အရမ်းနာကျင်လာလျှင်
ရက်အတန်ကြာထိ မသက်သာဘဲ ပိုမိုဆိုးလာလျှင်
လက်မောင်းနှင့် ခြေထောက်ထိ နာကျင်လာလျှင်
ခေါင်းကိုက်ခြင်း၊ ထုံကျင်ခြင်း၊ အားနည်းခြင်း ၊တဆစ်ဆစ်ဖြစ်ခြင်း အစရှိသည်တို့ပါဖြစ်လာလျှင်
ပျို့ခြင်း အန်ခြင်းတို့ ဖြစ်ပေါ်လာလျှင်
ထိခိုက်မိရာမှ ဖြစ်ပေါ်လာသော ဇတ်ကြောနာခြင်း(ဥပမာ- ကားမတော်တဆမှုမှ ၊ရေကူးရာမှ ၊ပြုတ်ကျရာမှ) ဆိုရင်တော့ ဆရာဝန်နှင့် အရေးပေါ်ကုသသင့်ပါတယ်နော်
ဟုတ်ကဲ့ပါဗျ .. ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးတဲ့အတွက်လဲကျေးဇူတင်ပါတယ်။ နေ့စဥ်ဘဝမှာ ဇာတ်ကြောတက်ခြင်း ကင်းကင်းနဲ့ စိတ်အနှောက်အယှက်ကင်းစွာ သွားလာလှုပ်ရှားနိုင်ကြပါစေနော်။ ပြီးတော့ …
ဇာတ်ကြောမကြာခဏတက်ခြင်းအပါအဝင် အခြားသော အရိုးအဆစ်ဆိုင်ရာ ကျန်းမာရေးပြဿနာများအတွက် ကျွမ်းကျင်သော အရိုးအကြောနှင့်အဆစ်အမြစ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။