ဆီးချိုရှိရင် လျှာပေါ်တင်တာနဲ့ ချိုတာမှန်သမျှ ရှောင်ပါ

ဆီးချိုရှိရင် လျှာပေါ်တင်တာနဲ့ ချိုတာမှန်သမျှ ရှောင်ပါ


ဆီးချိုရောဂါရှိပြီလို့ သိလိုက်တာနဲ့ ကိုယ်စားချင်တာတွေ မစားရတော့ဘူးဆိုတဲ့ စိတ် က အကြီးအကျယ်ခြောက်လှန့်စေပါတယ်။တကယ်ပဲ ဆီးချိုရောဂါရှိသူတွေဟာ တသက်လုံး အရသာမရှိတာတွေပဲ စားရတော့မှာလား။

ဆီးချိုသွေးချိုရောဂါဆိုတာ သွေးတွင်းသကြားဓာတ်များတဲ့ရောဂါတခုဖြစ်ပြီး ရောဂါဖြစ်တဲ့ သက်တမ်းကြာလာတာနဲ့အမျှ ဆီးထဲမှာပါ သကြားဓာတ်ပါဝင်မှုနှုန်းကိုပါ တိုင်းတာလို့ရနေတာဖြစ်တဲ့အတွက် သွေးပဲချိုတယ် ဆီးမချိုဘူး၊ဆီးပဲချိုတယ် သွေးမချိုဘူးဆိုတဲ့ အယူအဆ က မှားယွင်းနေကြောင်း ပထမဦးစွာပြောပြချင်ပါတယ်။

ဆီးချိုရောဂါကို သောက်ဆေး၊ အင်ဆူလင်ထိုးဆေး တို့နဲ့ စနစ်တကျ ကုသရတဲ့အပြင် စားသောက်ပုံစနစ်ကလည်း အရေးကြီးလှပါတယ်။သေချာ မကုသရင်တော့ ဆီးချိုနောက်ဆက်တွဲ လက္ခဏာတွေဖြစ်တဲ့ အမြင်အာရုံထိခိုက်ခြင်း၊ခြေလက်ထုံကျဉ်ခြင်း တို့အပြင် ကျောက်ကပ်နဲ့နှလုံးသွေးကြောကျဉ်းရောဂါများပါ ဖြစ်တတ်တဲ့အတွက် အထူးဂရုပြုပြီး စားသောက်နေထိုင်သင့်ပါတယ်။

အဓိကအားဖြင့် သွေးတွင်းသကြားဓာတ်ကို တက်စေတာကတော့ လျှာပေါ်တင်ကြည့်လို့ ချိုတဲ့အရသာခံစားရတဲ့ အသီးတွေ၊ကော်ဖီ၊လက်ဖက်ရည်၊ရေခဲမုန့်၊ကိတ်မုန့်၊အချိုရည်အပြင် နေ့စဉ်စားနေကျ အစားအစာတွေဖြစ်တဲ့ ထမင်း၊ဂျုံပါတဲ့အစားအစာတွေ ခေါက်ဆွဲ၊ကြာဇံ၊ချာပါတီ၊နံပြားတို့ပဲ ဖြစ်ပါတယ်။ဒါတွေကို အကုန်ရှောင်ရတော့မှာလား။တသက်လုံးမစားရတော့ဘူးလား ဆိုရင် မဟုတ်ပါဘူး။

ကျွန်မတို့က ဆီးချိုတက်နေတဲ့ကာလမှာတော့ အထက်ပါဖော်ပြထားတဲ့အစားအစာတွေကို ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ရှောင်သင့်တာရှောင်၊သင့်တင်ရုံပဲ စားသင့်တာစားတာမျိုး လုပ်သင့်ပါတယ်။ဥပမာအားဖြင့် ကော်ဖီမသောက်ရမနေနိုင်သူအတွက် ready made ကော်ဖီထုပ်တွေအစား ဆီးချိုသကြားနဲ့ကော်ဖီမှုန့်အစစ်ရောဖျော်ပြီး သောက်မယ်ဆိုရင် သကြားဓာတ်အများကြီး တက်တော့မှာမဟုတ်ပါဘူး။

ဆီးချိုရောဂါရှိသူတွေရဲ့ လွဲမှားတဲ့အယူအဆနောက်တခုကတော့ အချိန်တခုမှာ ဘာမှမစားဘဲ နေပြီး စားတဲ့အချိိန်မှာ အများကြီး စားခြင်းပဲဖြစ်ပါတယ်။ဒီအချက်က ဆေးထိန်းညှိပေးတဲ့နေရာမှာ ကမောက်ကမဖြစ်စေတဲ့အတွက် လုံးဝမလုပ်သင့်ပါဘူး။ဆီးချိုရှိသူတွေရဲ့ အရေးအကြီးဆုံး စားသောက်ပုံစနစ်ကတော့ အချိန်မှန်စားတာပါ။ဆီးချိုလူနာဟာ တနေ့ကို ပုံမှန် ၃ ကြိမ်စားလို့ရပြီး တနပ်နဲ့တနပ်ကြားထဲမှာ အဆာပြေ ၁ ကြိမ်စီပါ စားလို့ရပါတယ်။ 

ဆီးချိုရောဂါရှိသူတွေက တနေ့ ပုံမှန် ၃ ကြိမ်တော့ နေ့တိုင်း စားပေးသင့်ပါတယ်။စားတဲ့အခါမှာ အချိန်မှန်မှန် နဲ့ ပမာဏမှန်မှန်စားပြီး သေချာကြေညက်အောင် ဖြည်းဖြည်းချင်းဝါးစားပေးရပါမယ်။ဒီတော့ အစာတနပ်မှာ ဘာတွေ ပါဝင်ရမလဲ လေ့လာကြည့်ကြရအောင်။ထမင်းတနပ်စားရင် ထမင်းတွေအများကြီးထည့်ပြီး ဟင်းနည်းနည်း၊အရွက်နည်းနည်းပဲ စားတတ်တဲ့ အကျင့်ကို ပြင်ရမှာ ဖြစ်ပါမယ်။

ကျွန်မတို့ရဲ့ ထမင်းပန်းကန်ကို ၄ ပုံ ပုံကြပါစို့။တပုံက အသား၊ငါး၊ပင်လယ်စာ၊ပဲ၊ဥအမျိုးမျိုး ပါရပါမယ်။၂ ပုံ(ပန်းကန်တဝက်တိတိ)ကတော့ ဟင်းသီးဟင်းရွက်ပါရပါမယ်။ကျန်တဲ့ လေးပုံတပုံမှာတော့ ကျွန်မတို့နေ့စဉ်စားနေကျ ဆန်၊ဂျုံ၊ပြောင်း တခုခုပါရပါမယိ။ဒီလိုဆိုရင်တော့ ကျန်းမာတဲ့ စားသောက်ပုံလေးကို ရရှိပြီပေါ့။

အဓိကကတော့ ကိုယ့်ရဲ့စားသောက်နေထိုင်မှုပုံကို ကျန်းမာပြီး အာဟာရ ရှိတဲ့ ပုံစံဖြစ်အောင် ဖြည်းဖြည်းချင်း ပြောင်းလဲယူရမှာ အဓိကပါပဲ။ဒါမှသာဆီးချိုရောဂါကို ပိုမဆိုးလာအောင်၊ နောက်ဆက်တွဲ ရောဂါများ မဖြစ်အောင် တားဆီးနိုင်မှာပဲ ဖြစ်ပါတယ်…

My-Medicine ရှိ ဆီးချိုအထူးကုဆရာဝန်ကြီးများနှင့် ပြသရန် >> https://mymedicine.com.mm/r/diabete ကိုနှိပ်၍

ရက်ချိန်းယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။










Share this post
Tags
Archive
ဆီးချို/ရှောင်မရတဲ့ မိဘအမွေလား