အိပ်ရေးအမြဲပျက်ခြင်းက အမြင်အာရုံကိုထိခိုက်စေနိုင်လား

ကျွန်မတို့ဟာ အလုပ်လုပ်ရလို့ပဲဖြစ်ဖြစ်၊လူပင်ပန်းလို့ပဲဖြစ်ဖြစ်၊စိတ်ပင်ပန်းလို့ပဲဖြစ်ဖြစ် ပုံမှန်အိပ်နေကျအချိန်ဖြစ်တဲ့ ညအခါမှာအိပ်ရေးပျက်ကြသူတွေရှိပါတယ်။နာမကျန်းဖြစ်တဲ့တခါတရံမျိုးလောက် အိပ်ရေးပျက်တာမျိုးက ကိစ္စမရှိပေမယ့် အမြဲလိုလို အိပ်ရေးပျက်ခြင်းက ကျန်းမာရေးကို စတင်ထိခိုက်လာစေပါတယ်။

ဒါ့အပြင် ညဖက်ဆိုရင် မအိပ်ခင် အနားယူတဲ့အနေနဲ့ ဖုန်းသုံးတတ်တဲ့ အလေ့အထ က ယခုခေတ်မှာတွင်ကျယ်လျက်ရှိပါတယ်။တခါတလေ  သတိမမူလိုက်ဘဲ နာရီပေါင်းများစွာ ရုပ်ရှင်ကြည့်ခြင်း၊ဂိမ်းဆော့ခြင်းတို့ကနေတဆင့် ညလုံးပေါက်ကာမိုးလင်းသွားတတ်ပါတယ်။အိပ်ရေးပျက်ခြင်းကြောင့် လူကိုယ်တကိုယ်လုံး နုံးချိကာ အားမရှိဘဲဖြစ်တတ်သလိုမျိုး အစာစားချင်စိတ်မရှိခြင်း၊နားထင်ကြောများတင်းနေခြင်း၊မျက်စိများ နီရဲ စပ်နေခြင်း၊အလင်းစူးခြင်း အပါအဝင် အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်းတို့လည်းဖြစ်လာတတ်ပါတယ်။ဒီလိုမျိုး ညဖက်မအိပ်ခြင်းက အတွင်းကလီစာတွေသာမက မျက်လုံးရဲ့အမြင်အာရုံကိုပါ မသိမသာနဲ့ရော၊သိသိသာသာသာနဲ့ပါ စတင်ချို့ယွင်းလာစေပါတယ်။

အိပ်ရေးပျက်ခြင်းကြောင့် မျက်စိနီရဲပြီး စပ်တာအပြင် အလင်းဒဏ်မခံနိုင်ခြင်း၊မျက်လုံးအကြောဆွဲခြင်း၊မျက်ရည်ခမ်းခြောက်တဲ့ရောဂါဖြစ်ခြင်း၊ရေတိမ်ဖြစ်ခြင်း၊အမြင်အာရုံ အနီးမှုန် အဝေးမှုန်များဖြစ်ခြင်းတို့သာမက မျက်စိကွယ်ခြင်းတွေအထိပါ ဖြစ်စေနိုင်တဲ့အထိ ကြောက်စရာကောင်းလှပါတယ်။အချိန်ကြာလာတာနဲ့အမျှ ပြင်းထန်တဲ့မျက်လုံးအာရုံကြောယောင်တာအပြင် မျက်လုံးထဲက သွေးကြောတွေဆီကို သွေးစီးဆင်းရောက်ရှိမှု မလုံလောက်တာကြောင့် အမြင်အာရုံပြင်းပြင်းထန်ထန်ထိခိုက်ပြီး အမြင်ဆုံးရှုံးတဲ့အထိ စိုးရိမ်ရပါတယ်။ဖုန်း၊ကွန်ပျူတာနဲ့ တီဗွီတွေကနေ ထွက်တဲ့ရောင်ခြည်တွေကလည်း ဦးနှောက်ရဲ့ အိပ်တဲ့စနစ်ကို နှောင့်ယှက်စေလို့ အိပ်ရေးပျက်တာပိုဆိုးစေပြီး မျက်စိကိုထိခိုက်စေပြန်ပါတယ်။

ဒါကြောင့်မို့ အမြင်အာရုံမထိခိုက်စေရန် လုံလောက်စွာအိပ်စက်အနားယူသင့်ပါတယ်။ညဆိုင်းဆင်းရတဲ့အလုပ်တွေလုပ်နေရရင်လည်း နောက်ရက်တွေမှာ ပုံမှန်အိပ်ချိန်ရအောင် အိပ်ခါနီးကော်ဖီ၊လက်ဖက်ရည်၊အရက်သောက်ခြင်းနဲ့ ဖုန်းကြည့်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ကျန်းမာတဲ့အမြင်အာရုံရှိတဲ့သူမှသာ ဘဝတလျှောက်လုံး စိတ်သွားတိုင်း ကိုယ်ပါ နေနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ မျက်လုံးလေးကို ဂရုစိုက်ဖို့မမေ့ကြနဲ့နော်။

Share this post
Tags
Archive
ဆောင်းတွင်းဘက်မှာ မျက်စိခြောက်တာဘာလို့