ပုရော်ကျစ်ဖန်တွေ ဖတ်ဖို့

ပုရော်ကျစ်ဖန်တွေ ဖတ်ဖို့


စာဖတ်သူတွေထဲမှာ ကျွန်မလို ပုရော်ကျစ် ပုရစ်ကြော် ဖန်တွေများ ရှိကြပါသလားပုရစ်ရာသီရောက်လာပြီဆိုရင်လေ အသွေးအသားထဲကကို တောင့်တလာတဲ့အထိ သူ့ရဲ့အရသာ က စိုးမိုးနေနိုင်လွန်းလှပါတယ်။တချို့ကျတော့လည်း ပုရစ်ကို မျက်နှာချင်းဆိုင်ကြည့်ပြီး ပိုးဟပ်နဲ့ဆွေမျိုးတော်တဲ့ မျက်လုံးပြူးပြူးနဲ့ သတ္တဝါဆိုပြီး မစားရဲကြပါဘူး။မစားတဲ့သူများလေ ကျွန်မတို့ ပုရော်ကျစ်ဖန်တွေကတော့ ပိုစားရလို့ ပျော်လေပါပဲ။

ဒီတော့ ကျွန်မတို့ရဲ့ ချစ်လှစွာသော ပုရစ်အကြောင်းကို ဋီကာဖွဲ့ပြီး ပြောရမယ်ဆိုရင်  ဗိုက်တာမင်၊သတ္ထုဓာတ်၊အမျှင်ဓာတ်တွေ ပေါကြွယ်ဝစွာ ပါရုံသာမက အသားဓာတ်လည်းအပြည့်အဝပါတာမို့ စားသုံးသူတွေအတွက် ကျန်းမာရေးအရ ကောင်းကျိုးပေးတဲ့အချက်တွေ အများကြီးရှိပါတယ်။တွင်းအောင်းသတ္တဝါတမျိုးဖြစ်တဲ့ ပုရစ်ဟာ ထူးထူးဆန်းဆန်းပဲ ကျွဲတွေ၊နွားတွေကရတဲ့ အသားဓာတ်ပမာဏလိုမျိုး ဆင်တူတဲ့အာဟာရကို ပေးစွမ်းနိုင်ပါတယ်။

ဗီတာမင် B သာမက A,C,D,E,K တို့ ပါဝင်ပြီး တခြား သတ္ထုဓာတ်တွေဖြစ်တဲ့ ပိုတက်စီယမ်၊သံဓာတ်၊ဇင့်၊ကော့ပါး တွေ အပြင် အရိုးဓာတ်ကောင်းစေတဲ့ ကယ်လ်ဆီယမ်၊မက်ဂနီစီယမ်နဲ့ ဖော့စဖောရပ်စ်တို့လည်း အချိုးကျစွာပါဝင်ပါတယ်။ကျန်းမာရေးအတွက် ကောင်းတဲ့အဆီတွေလည်း ပါလို့ နှလုံးသွေးကြောကျဉ်းခြင်းနဲ့ အသည်းအဆီဖုံးခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။တနေ့တာအတွက် လိုအပ်တဲ့အမျှင်ဓာတ်တွေလည်း ပါဝင်တဲ့အပြင် အူထဲမှာရှိတဲ့ ကောင်းတဲ့ပိုးမွှားပေါက်မှုကို အားပေးတာမို့ အူမကြီးကျန်းမာရေးအတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။

ဒါပေမယ့် ကြက်သွန်ဖြူအစာသွပ်အနံ့လေးမွှေးနေတဲ့ ပုရော်ကျစ်လေးမှာလည်း မကောင်းတဲ့အချက်တွေရှိပါသေးတယ်။ပုရစ်ကို သေချာစွာသန့်စင်ထားခြင်းမရှိရင် သူ့ရဲ့ခြေထောက်တွေ၊မစင်တွေကနေပြီး အစာအဆိပ်သင့်ခြင်းနဲ့ အူလမ်းကြောင်းဆိုင်ရာ ပိုးဆိပ်သင့်ခြင်းများဖြစ်ပေါ်စေပါတယ်။အခန့်မသင့်ရင် အရေပြားတွင် အနီပြင်ထွက်ခြင်းနဲ့ တကိုယ်လုံးယားခြင်းတို့လို ဓာတ်မတည့်မှုများလည်း ဖြစ်ပေါ်စေနိုင်သလို ဆိုးဝါးတဲ့အခြေအနေတွေမှာဆိုရင် သွေးပေါင်တက်ပြီး လေဖြန်းခြင်းများကိုပါ ဖြစ်စေတဲ့အတွက် တန်ဆေးလွန်ဘေးမဖြစ်အောင် စားသုံးဖို့ ဂရုပြုစေချင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပုရစ်ကြော်ချစ်သူတွေကတော့ ဆောင်းပုရစ်၊မိုးပုရစ်၊အမကိုမှ ဥအပြည့်၊ပုရစ်ထီးနဲ့ ပုရစ်ပိစိတို့ပါမချန် အရသာအမျိုးမျိုးကို ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်အောင် ဝါးစားလိုက်ရမှ အာဂ ပါးစပ် လူဖြစ်ကျိုးနပ်သဟဲ့ လို့ ခံစားရပါတယ်။ပုရစ်ဟာ အင်းဆက်တမျိုးဖြစ်ပေမယ့် ရှေးခေတ်နှစ်ထောင်ပေါင်းများစွာထဲက စွဲလမ်းနှစ်ခြိုက်စရာအစားအစာတခုဖြစ်တာမို့ ကိုယ်ကြိုက်တဲ့အစားအစာလေးအကြောင်းစာဖတ်သူတို့ ပိုပိုသိရအောင် ပျော်ပျော်ကြီး ဝေမျှပေးလိုက်ရပါတယ်ရှင်။



Share this post
Tags
Archive
နေအပူဒဏ်ကြောင့်ကလေးငယ်များအစားအသောက်မပျက်စေလို