သဘာဝအတိုင်း အားအင်ဖြည့်တတ်ဖို့

သဘာဝအတိုင်း အားအင်ဖြည့်တတ်ဖို့


တစ်ခါတစ်လေမှာ ဘယ်လောက်ပဲ အိပ်ရေးဝအောင် အိပ်ထားပါစေ တစ်နေကုန်လုံး နုံးချိပြီး ဘာမှမလုပ်ချင် မကိုင်ချင်တာမျိုး ဖြစ်ဘူးတယ်မလား?

အထူးသဖြင့် အခုလို ချွေးထွက်များတဲ့ နွေရာသီမှာ အားအင်‌တွေ ကုန်ဆုံးလွယ်ပြီး လူက ခြေကုန်လက်ပန်းကျနေတတ်တာမလို့ သဘာဝအတိုင်း အားအင်ပြန်ဖြည့်ပေးနိုင်မယ့် နည်းလေးတွေ သိထားဖို့ လိုအပ်တယ်လေနော်။


လှုပ်လှုပ်ရှားရှားနေပါ

အားအင်တွေ တိုးမြှင့်ဖို့ အထိရောက်ဆုံးနည်းလမ်းကဝောာ့ ကိုယ်လက်လှုပ်ရှားပေးတာပါပဲ။ ခဏလောက် လမ်းလျှောက်ပေးရင်တောင် သွေးလည်ပတ်မှုတွေ ပိုမိုကောင်းလာပြီး လူကို ပိုနိုးကြားလာစေနိုင်တာမလို့ နောက်တစ်ခါ နုံးချိနေပြီဆိုရင် လမ်းလျှောက်ပေးတာ၊ ဖွဖွလေးပြေးပေးတာတို့လို ပေါ့ပါးပါးပါး လေ့ကျင့်ခန်းလေးတွေလုပ်ပြီး အားအင်တွေ မြှင့်တင်လိုက်ပါ။


အလုပ်‌‌တွေ လျှော့လိုက်ပါ

ခြေကုန်လက်ပန်းကျနေရတဲ့ အဓိက အကြောင်းရင်းတစ်ခုက အလုပ်တွေ အရမ်းများနေလို့ပါ။ ဒါကြောင့် အရေးကြီးတဲ့ အလုပ်တွေကိုပဲ အရင်ပြီးမြောက်အောင်လုပ်ပြီး အခြားအရေးမကြီးတာတွေကို နောက်မှ ဖြည်းဖြည်းချင်းလုပ်ပေးတာမျိုးက ပင်ပန်းတာတွေကို သက်သာစေမှာပါ။ တစ်ယောက်ထဲ မနိုင်တော့ဘူးလို့ ခံစားလာရရင် ဘေးကလူတွေဆီမှာ အကူအညီတောင်းဖို့လည်း မတွန့်ဆုတ်လိုက်ပါနဲ့နော်။


ကဖိန်းဓာတ်ကို အကျိုးရှိရှိ အသုံးချပါ

ကဖိန်းဓာတ်က နိုးကြားမှုကို တိုးမြင့်စေတဲ့အတွက် ကော်ဖီတစ်ခွက်လောက် သောက်ပေးတာက စိတ်ကို တက်ကြွထက်မြတ်စေနိုင်ပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ်ရဲ့ အစွမ်းထက်တဲ့ အာနိသင်တွေကို ရဖို့အတွက်တော့ မှန်ကန်စွာ အသုံးပြုရပါမယ်။  အထူးသဖြင့် ကော်ဖီအများကြီးသောက်တဲ့အခါ ဒါမှမဟုတ် နေ့လည် ၂ နာရီ နောက်ပိုင်းမှာ သောက်တဲ့အခါတွေမှာဆိုရင် အိပ်မပျော်စေနိုင်တာတွေ ဖြစ်တတ်တာမလို့ပါ။


ရေများများသောက်ပေးပါ

ရေဓာတ်ခမ်းခြောက်တဲ့အခါ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပြီး မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက်တွေလည်း လျော့ကျသွားတာကြောင့် တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေဖို့လည်း အရေးကြီးပါတယ်။  ရေလုံလုံလောက်လောက် သောက်ပေးတာက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး ဦးနှောက်လုပ်ငန်းတွေကိုလည်း ကောင်းမွန်စွာ လည်ပတ်စေနိုင်ပါတယ်။ ရေချည်းပဲသောက်ရတာ ပျင်းတယ်ဆိုရင် ပိုစိတ်ဝင်စားဖို့ကောင်းအောင် ရေထဲမှာ အသီးအနှံလေးတွေထည့်‌သောက်တာတို့ herbal tea တို့ကိုလည်း စမ်းကြည့်နိုင်ပါတယ်နော်။


အိပ်ရေးဝအောင်အိပ်ပါ

နေ့ခင်းဘက်မှာ ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်ရအောင် ညတိုင်း အိပ်ရေးဝဖို့ အရေးကြီးတာမလို့ အရွယ်ရောက်သူတိုင်း တစ်ညကို 7-9 နာရီအထိ အိပ်စက်ပေးသင့်ပါတယ်။  အိပ်ရေးဝဝအိပ်ဖို့ ခက်ခဲနေတယ်ဆိုရင် အိပ်ရာမဝင်ခင် အနားယူဖို့ ကူညီပေးမယ့် စာအုပ်ဖတ်ပေးတာ၊ ရေနွေးနဲ့ ရေချိုးပေးတာတို့လို night-time routine လေးတွေကို အကောင်အထည်ဖော်ကြည့်ပါ။


အာဟာရမျှတအောင်စားပါ

သကြားဓာတ်များတဲ့ အစားအစာတွေနဲ့ ပြုပြင်ထားပြီး ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ် ပမာဏကို မြင့်တက်စေပြီး ခဏကြာရင် လူကို ပိုပင်ပန်းလာစေပါတယ်။ အဲ့ဒီအစား ပရိုတိန်း၊ အမျှင်ဓာတ်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို သင့်အစားအစာထဲမှာ ပေါင်းစပ်ကြည့်ပါ။ ဘယ်လို အစားအစာတွေလဲဆိုတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီး၊ အစေ့အဆန်နဲ့ ငါး၊ ကြက်သားတို့လို အဆီနည်းတဲ့ အသားတွေကို ဆိုလိုတာပါ။


စိတ်ဖိစီးမှုတွေ လျှော့ချပါ

နာတာရှည်စိတ်ဖိစီးမှုက ပင်ပန်းနွမ်းနယ်မှုနဲ့ ခြေကုန်လက်ပန်းကျမှုတွေကို ဖြစ်စေနိုင်တာကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကိုပဲ အာရုံစိုက်နေပြီး စိတ်ကျန်းမာရေးကို လျစ်လျုရှုထားလို့ မရပါဘူးနော်။ တရားထိုင်ပေးတာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးတာနဲ့ ယောဂတို့လို လေ့ကျင့်ခန်းတွေကို လုပ်ပေးပြီး နေ့တိုင်း အပန်းဖြေအနားယူဖို့ နည်းလမ်းတွေ ရှာဖွေပေးတာကလည်း စိတ်ဖိစီးမှု ခံစားချက်တွေကို လျှော့ချပေးရင် အားအင်တွေ တိုးမြှင့်စေလာမှာပါ။

အလုပ်တွေ အရမ်းရှုပ်နေတဲ့ကြား‌ထဲမှာမှ နေကလည်း အရမ်းပူတာမလို့ နုံးချိပြီး ခြေကုန်လက်ပန်းကျတတ်တာ သဘာဝပါ။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်က ပြောတာကို နားထောင်ပြီး အရမ်းပင်ပန်းလာတဲ့အခါ အနားယူဖို့ မတွန့်ဆုတ်လိုက်ပါနဲ့နော်…

ဆောင်းပါးလေးကိုအဆုံးထိအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။





Share this post
Tags
Archive
Magic Mushroom ဆိုတာဘာလဲ