သေမင်းကိုဖိတ်ခေါ်နေတဲ့ ဆေးလိပ်
ဆေးလိပ်သောက်တဲ့အခါတိုင်း ဆေးလိပ်ဘူးမှာပါတဲ့ ရုပ်ပုံတွေကို သတိထားကြည့်ဖူးတယ်ဆိုရင် ဆေးလိပ်ရဲ့ ဆိုးကျိုးအန္တရာယ်တွေအကြောင်းကို အနည်းအကျဥ်းတော့ သိထားမှာပါ။ ဆေးလိပ်ကို မသောက်ချင်အောင် တမင်ခြောက်လန့်ထားတဲ့ပုံတွေပါလို့ သတ်မှတ်ထားမိရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ဆေးလိပ်သောက်တဲ့လူတော်တော်များများကို မေးကြည့်လိုက်ရင် စိတ်ညစ်လို့ ဆိုရာကနေ စပါလိမ့်မယ်။ဆေးလိပ်သောက်ပြီး မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကနေတဆင့် သောကဖြစ်စရာများဟာ လေထုထဲပါသွားတယ်ဆိုတဲ့ အယူအဆနဲ့ လူတွေဟာ ဆေးလိပ်ကို ပိုခင်တွယ်လာကြပါတယ်။တချို့ကတော့ သူငယ်ချင်းတွေသောက်လို့ စတိုင်ကျအောင် လိုက်သောက်ရာကနေ ဆေးလိပ်သောက်တဲ့အကျင့်ဖြစ်လာခဲ့ကြပါတယ်။
ဒါပေမယ့် ဆေးလိပ်သောက်တဲ့သူတွေ သတိမထားမိတဲ့အချက်ကတော့ လေထုထဲကို မှုတ်ထုတ်လိုက်ရင်ပဲဖြစ်ဖြစ်၊ရှိူက်သွင်းလိုက်ရင်ပဲဖြစ်ဖြစ် ဆေးလိပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးဆိုးကျိုးတွေအများကြီးရှိတယ် ဆိုတာပါပဲ။အခန့်မသင့်ရင် ကိုယ်မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့ကြောင့် ကိုယ့်ရဲ့အတူနေမိသားစုဟာ ဆေးလိပ်မသောက်တတ်ဘဲနဲ့ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို ခံစားရမှာပဲ ဖြစ်ပါတယ်။ဒီတော့ ဆေးလိပ်ရဲ့ဆိုးကျိုးတွေက ဘာတွေများဖြစ်မလဲ။
ဆေးလိပ်ဆိုတဲ့နေရာမှာ စီးကရက်ဖြစ်ဖြစ်၊ဖက်ကြမ်းဖြစ်ဖြစ် ကျန်းမာရေးကို ဆိုးရွားစာထိခိုက်စေတာတော့ ငြင်းမရတဲ့အချက်ပဲဖြစ်ပါတယ်။ကာလကြာရှည် ဆေးလိပ်သောက်တဲ့သူတွေကိုကြည့်ရင် နှုတ်ခမ်းမည်းတာ၊လက်အဆစ်တွေမှာမည်းနေတာအပြင် လက်သည်းခွံတွေ ဖောင်းဖောင််းကြီးဖြစ်လာတာကို တွေ့ကြရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် အဆုတ်လေကျန်ရောဂါဖြစ်ကိုဖြစ်တဲ့အတွက် အသက်ရှူတဲ့အခါ oxygen လုံလောက်စွာမရတော့ဘဲ သွေးတွင်းအောက်စီဂျင်ဓာတ်ကျတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။
အရေးကြီးဆုံးအချက်ကတော့ အဆုတ်ကင်ဆာဖြစ်နိုင်တဲ့အပြင် ဆေးလိပ်အငွေ့ဖြတ်သန်းရာနေရာတွေဖြစ်တဲ့ ပါးစပ်၊နှာခေါင်း၊လည်ချောင်းကစလို့ တခြားကိုယ်တွင်းကလီစာတွေမှာလည်း ကင်ဆာရောဂါတွေဖြစ်တတ်ပါသေးတယိ။ဆေးလိပ်ဟာ ရောဂါပိုးခုခံနိုင်စွမ်းအားကိုကျဆင်းစေတဲ့အတွက် ခန္ဓာကိုယ်မှာ အမြဲလိုလို ဖျားနာလွယ်ပြီး အနာကျက်နှေးပါတယ်။ဆီးချို၊နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတွေကို ဖြစ်စေတဲ့ အဓိကအချက်တချက်လည်း ဖြစ်နေပြန်ပါသေးတယ်။
ဒါ့အပြင် ဆေးလိပ်သောက်သူတွေက မသောက်သူတွေထက် နှလုံးရောဂါ၊ အဆုတ်ကင်ဆာနဲ့ လေဖြတ်နိုင်ချေလည်း အဆပေါင်းများစွာ ပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါဟာ အဆုတ်မှာတင်မဟုတ်ဘဲ ဆီးအိမ်၊ သွေးနဲ့ အစာပြွန်တို့ကစလို့ အသံအိုးနဲ့ အသည်းစတဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ဘယ်နေရာမဆိုမှာ ကင်ဆာတွေရနိုင်ပါသေးတယ်။
ဒါ့အပြင် ဆေးလိပ်က မျိုးဆက်ပွားခြင်းဆိုင်ရာ ပြဿနာတွေကိုလည်း ပိုဆိုးစေပါသေးတယ်
🚭 အမျိုးသားတွေမှာဆို သုတ်ပိုးထွက်နှုန်းကို ထိခိုက်စေခြင်း
🚭 အမျိုးသမီးတွေမှာဆို လမစေ့ခင် မီးဖွားခြင်း
🚭 ကလေးအသေမွေးခြင်း
🚭 ရင်သွေးရဲ့ ပေါင်ချိန်မပြည့်ခြင်း
🚭 မူမမှန် သန္ဓေတည်ခြင်း
စတဲ့ ပြဿနာကြုံတွေ့နိုင်ချေကိုလည်း တိုးမြင့်စေပါသေးတယ်
အခန့်မသင့်ရင် ဆေးလိပ်သောက်ခြင်းကြောင့် သွားဖုံးကျန်းမာရေးထိခိုက်ပြီး သွားတွေကျိုးကုန်တဲ့အထိတောင် ဖြစ်တတ်ပါသေးတယ်။
ဒါကြောင့် ကျန်းမာရေးအတွက် တစ်စက်မှ ကောင်းကျိုးမပေးတဲ့အပြင် သေမင်းကိုပါ ဖိတ်ခေါ်နေတဲ့ ဆေးလိပ်ကို လုံး၀လုံး၀ဖြတ်ပစ်လိုက်တာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပါပဲ…ဆောင်းပါးလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။အဆုံးထိအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။