ခုတလော ပတ်ဝန်းကျင်မှာ ချောင်းတဟွတ်ဟွတ်ဆိုးပြီး နှာချေနေတဲ့သူတွေ များလာတာကို သတိထားမိကြမယ်ထင်ပါတယ်။နှစ်စဉ်နှစ်တိုင်းမိုးတွင်းနဲ့ဆောင်းတွင်းဆိုရင် နှာစေး ချောင်းဆိုး လည်ချောင်းနာပြီး တုပ်ကွေးဖြစ်ကြတာ ထုံးစံလိုတောင်ဖြစ်နေပါပြီ။၄၊၅ ရက်ခန့် ကွေးလို့ အဖျားကျတဲ့အခါ ချောင်းလေးတဟွပ်ဟွပ်ဆိုးတာကျန်ပြီး မပျောက်ချင် ပျောက်ချင်နဲ့ တုပ်ကွေးဆိုတာကြီး အလိုလိုပျောက်သွားလေ့ရှိပါတယ်။
ဒါပေမယ့် တရက် ၂ ရက်နဲ့ ပြန်မကောင်းဘဲ ရက်သတ္တပတ်တွေကြာနေတဲ့အခါ ရာသီ တုပ်ကွေးလား?နမိုးနီးယားအဆုတ်ရောင်ရောဂါလားဆိုတာ ကျွန်မတို့တွေ ခွဲခြားဖို့လိုအပ်လာပါပြီ။အစပိုင်းမှာ တူသယောင်ရှိပေမယ့် နောက်ပိုင်းမှာ ချမ်းတုန်ဖျားခြင်း၊ချောင်းဆိုးလျှင်သလိပ်အရောင်ဝါ/စိမ်းခြင်း၊အသက်ရှူမဝခြင်း၊ချောင်းဆိုး/အသက်ရှူတိုင်း ရင်ဘတ်ထဲမှစူးခနဲဖြစ်ခြင်း၊ပျို့အန်ခြင်း၊အစားအသောက်ပျက်ခြင်းတို့အပြင် အသက်ကြီးတဲ့သူတွေမှာ ကယောင်ကတမ်းပြောပြီးသတိလစ်တဲ့အထိ အခြေအနေဆိုးစေနိုင်တာ က ပြင်းထန်အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
နမိုးနီးယားဆိုတာကတော့ အဆုတ်ဘယ်ဖက်ခြမ်း(သို့မဟုတ်)ညာဖက်ခြမ်း(သို့မဟုတ်)၂ ဖက်လုံးကို ပိုးဝင်ခြင်းဖြစ်ပါတယ်။ပိုးဆိုတဲ့နေရာမှာလည်း ဘက်တီးရီးယားပိုး၊ဗိုင်းရပ်စ်ပိုးနဲ့ မိုင်ကိုပလက်စမာလို့ခေါ်တဲ့ပိုးတွေကြောင့် ဖြစ်တတ်ပြီး အအေးမိတုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် ပိုဆိုးသွားတာများပါတယ်။အထူးသဖြင့်အဆုတ်ရောင်နေတဲ့အချိန်မှာ လေအိတ်ငယ်တွေပိတ်သွားတဲ့အတွက် လူနာ က အောက်ဆီဂျင်ကောင်းစွာမရဘဲ အသက်ရှူမဝတာတွေလည်းဖြစ်လာတတ်ပါတယ်။တကယ်လို့ အသက် ၅ နှစ်အောက်ကလေးတွေနဲ့ အသက် ၆၀ အောက်လူကြီးတွေဆိုရင်အထူးသတိထားဖို့ လိုအပ်ပြီး ချမ်းတုန်ဖျားခြင်း၊သလိပ်ထဲသွေးပါခြင်း၊ရင်ဘတ်အောင့်ခြင်းနဲ့ သတိလစ်တာတွေဖြစ်နေရင်တော့ နီးစပ်ရာဆရာဝန်နဲ့ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။
ဒါကြောင့်
၁.တစ်ခုခုကိုင်တွယ်ပြီးတိုင်း လူထူထပ်သည့်နေရာသွားပြီးတိုင်း လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ။
၂.ပုံမှန်ထက် ခုခံအားများဖို့ အိပ်ရေးဝဝအိပ်ပါ။
၃.အာဟာရပြည့်ဝသောအစားများများစားပါ။
၄.Vit C ဆေးပြား ရေဆူဆေးပြားများစားပါ။
၅.အခန့်မသင့်လို့ ချောင်းဆိုး နှာချေချင်လျှင် လက်ကိုင်ပုဝါအသုံးပြုပါ။
၆.မသန့်ရှင်းသောအရာဝတ္ထုများကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့သေချာစွာဆေးကြောပါ။
၇.ပူနွေးသော အစားအစာများကိုသာ စားသုံးပါ။
အားလုံးကိုယ်ကျန်းမာလို့ စိတ်ချမ်းသာပြီး ရာသီအကူးအပြောင်းဖြစ်သည့် အဆုတ်ရောင်နမိုးနီးယားရောဂါမှ ကာကွယ်နိုင်ကြပါစေ။