ဝိတ်ချချင်သူတွေနဲ့ သစ်ကြားသီး
သစ်ကြားသီးစားဖူးကြလား စာဖတ်သူမိတ်ဆွေတို့ရေ။ခွါရနည်းနည်းခက်ပေမယ့် သစ်ကြားသီးလှော်ရှယ်အကိတ်ကြီးတွေ အခွံပါးပါးလေးနဲ့ရလို့ကိုက်စားလိုက်ရရင်ဖြင့် မွှေးမွှေးလေးနဲ့ အရသာရှိမှ ရှိနော်။သစ်ကြားသီး က ကလေးလူကြီးအကုန်ကြိုက်တဲ့ ကျန်းမာရေးနဲ့ညီညွတ်လှတဲ့ အခွံမာအသီးလေးတမျိုးပဲဖြစ်ပါတယ်။
စားလိုက်ရင် အရသားလေးစိမ့်ပြီး ကျန်းမာရေးအတွက် အဓိကနေရာမှာ အထောက်အကူပြုတဲ့ သစ်ကြားသီးမှာ အဓိကအားဖြင့် အဆာခံတဲ့အပြင် သွေးတွင်းအဆီဓာတ်ကိုကျစေလို့ diet plan တွေမှာပါ ထည့်သွင်းအသုံးပြုကြပါတယ်။သစ်ကြားသီးမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်အမျိုးမျိုးအပြင် ကျန်းမာစေတဲ့အဆီနဲ့ omega 3 fatty acid တွေပါ ပါဝင်ပါတယ်။ဒါကြောင့်မို့ ဝိတ်ချချင်သူတွေအတွက် မရှိမဖြစ် အားထားစရာ အစေ့အဆံထဲမှာ ပါဝင်နေတာပဲဖြစ်ပါတယ်။
သစ်ကြားသီးရဲ့ ကောင်းမွန်ခြင်းသဘောတရားများကို ဖော်ပြရမယ်ဆိုရင် အဆာခံတဲ့အပြင် အစာခြေအားလည်းကောင်းပါတယ်။သစ်ကြားသီး ဆယ်လုံးလောက်စားလိုက်လို့ ကယ်လိုရီ တစ်ရာကျော်တက်ပေမယ့် မကောင်းတဲ့အဆီဓာတ်တွေ မပါဝင်တာကြောင့် သွေးတိုးနဲ့နှလုံးကျန်းမာရေးအတွက် စိတ်ချရတဲ့အပြင် ကိုယ်အလေးချိန်တက်မှာ၊အဝလွန်မှာတွေကို စိတ်ပူစရာမလိုပါဘူး။သစ်ကြားသီးမှာပါဝင်တဲ့အမျှင်ဓာတ်ကအစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် အထောက်အကူပြုလို့ ဝမ်းမှန်စေပါတယ်။
ဒါ့အပြင်သွေးတွင်းမှာရှိတဲ့ ကောင်းတဲ့အဆီဓာတ်ကို လှုံ့ဆော်ပေးတာကြောင့် မကောင်းတဲ့အဆီဓာတ်တွေကို ကာကွယ်ပေးနိုင်ပြီး ဗိုက်ပူတာ၊လက်မောင်းတုတ်တာနဲ့ကလီစာအဆီဖုံးတာတွေကိုပါ လျော့နည်းစေပါတယ်။သစ်ကြားသီးရဲ့ကိုယ်တွင်းအဆီလောင်ကျွမ်းဖို့ အားပေးတဲ့ဖြစ်စဉ်ကြောင့် အဆီပိုတွေဟာ ခန္ဓာကိုယ်ကနေ တဖြည်းဖြည်းလျော့ကျလာတဲ့ သုတေသနတွေလည်းရှိပါသေးတယ်။သစ်ကြားသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ အဆာခံစေပြီး ဗိုက်ဆာခြင်းကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို သိသိသာသာလျှော့ချပေးပါတယ်။
ဒါတင်မကသေးဘဲ သွေးတွင်းသကြားဓာတ်ကိုပါ လျော့နည်းစေနိုင်လို့ အဝလွန်နေတဲ့ ဆီးချိုသမားတွေစားသုံးလို့လည်းရပါသေးတယ်။ဒီလို ကောင်းကျိုးတွေများနေတဲ့ သစ်ကြားသီးဟာ ဝိတ်ကျချင်သူတွေရဲ့ လက်စွဲဖြစ်ရုံသာမကဘဲ ရိုးရိုးကျန်းမာရေးကောင်းချင်သူတွေအတွက်လည်း နေ့တိုင်းပုံမှန်မှီဝဲသင့်တဲ့ အစေ့အဆန်တခုဖြစ်တယ်လို့ ညွှန်းရရင် လွန်မယ်မထင်ပါဘူးရှင်။
ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။