အမျိုးသားတွေမှာအဖြစ်များသော ကင်ဆာရောဂါများ

ကင်ဆာဟာ ကမ္ဘာပေါ်မှာ ဒုတိယအသေအပျောက်အများဆုံးရောဂါတခုပဲဖြစ်ပါတယ်။လူကြီးလူငယ်မရွေး ယောက်ျား၊မိန်းမ မရွေး ကင်ဆာဆိုတာ အချိန်မရွေးဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။နေထိုင်စားသောက်မှု ပုံစံတွေ နဲ့ မျိုးရိုးဗီဇတွေကြောင့် အမျိုးသားမှာ အမျိုးသမီးတွေထက် ပိုပြီး ကင်ဆာ အဖြစ်များလာတာကို တွေ့ရှိရပါတယ်။ဒီနေ့မှာတော့ အမျိုးသားတွေမှာအဖြစ်များတဲ့ကင်ဆာတွေအကြောင်းကို ဗဟုသုတရအောင် မျှဝေပေးလိုက်ရပါတယ်။

ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်များဆုံးကင်ဆာတခုဖြစ်တဲ့အပြင် အဆုတ်ကင်ဆာပြီးရင် ဒုတိယအသေအပျောက်အများဆုံးကင်ဆာတခုဖြစ်ပါတယ်။လေ့လာတွေ့ရှိချက်တွေအရ အမျိုးသား ၈ ယောက်မှာ ၁ ယောက်ဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။ကင်ဆာတွေက အသက် ၆၅ နှစ်ကျော်ရင် အဖြစ်များကြပေမယ့် ဆီးကျိတ်ကင်ဆာကတော့ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်တဲ့ကင်ဆာတခုပဲဖြစ်ပါတယ်။စောစောသိရှိပြီး စောစောကုသနိုင်ရင်တော့ အသက်ရှင်သန်နိုင်ခြေ များပါတယ်။

အူမကြီးကင်ဆာ

အူမကြီးကင်ဆာဟာ အရက်၊အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကြောင့် အမျိုးသားတွေမှာဖြစ်တာများလာတဲ့ကင်ဆာတခုဖြစ်လာပါတယ်။ဝမ်းထဲမှာ မတော်တဆသွေးပါတာမျိုးနဲ့ အူမကြီးမှာ အသားပို သေးသေးတွေ့တာမျိုးဆိုရင်တောင် မပေါ့ဆသင့်တဲ့ရောဂါတခုလည်းဖြစ်နေပြန်ပါတယ်။ဒါကြောင့်မို့ လူတိုင်း အသက် ၄၅ နှစ်မှစပြီး အူမကြီးမှန်ပြောင်းကြည့်ဖို့ ကမ္ဘာနဲ့အဝန်းတိုက်တွန်းလာကြတာပဲဖြစ်ပါတယ်။

အဆုတ်ကင်ဆာ

အမျိုးသားတွေရဲ့အသေအပျောက်အများဆုံးကင်ဆာကတော့ အဆုတ်ကင်ဆာဖြစ်ပါတယ်။ကိုယ်တိုင် ဆေးလိပ်၊စီးကရက်နဲ့ ရှီရှားသောက်တဲ့သူပဲဖြစ်ဖြစ် ကိုယ်တိုင်မသောက်လည်းတဆင့်ခံ passive smoker ပဲဖြစ်ဖြစ် အဆုတ်ကင်ဆာဖြစ်နှုန်းက တဖြည်းဖြည်းမြင့်တက်လာရာကနေ ယခုအခါမှာတော့ အဖြစ်အများဆုံးကင်ဆာတခုအဖြစ်ရပ်တည်လျက်ရှိပါတယ်။အဆုတ်ကင်ဆာကို စောစောစီးစီး စစ်ဆေးသိရှိနိုင်ရင်တော့ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို ၂၀% အထိ လျှော့ချပေးနိုင်ပါတယ်။

အသည်းကင်ဆာ

အသားဝါခြင်း၊ပျို့အန်ခြင်း၊အစားစားချင်စိတ် မရှိခြင်းနဲ့ ဗိုက်အောင့်ခြင်းတွေ ခံစားရပါက အသည်းကင်ဆာ ကို သတိပြုသင့်ပါတယ်။ အသည်းကင်ဆာ စစ်ဆေးမှုကို အရက်အလွန်အကျွံသောက်သူများ၊အသည်းရောင် အသားဝါ ဘီပိုး စီပိုးရှိသူများနဲ့ ကင်ဆာမျိုးရိုးရှိသူတွေမှာ အဓိက လုပ်ဆောင်သင့်ပါတယ်။

အမျိုးသားတွေမှာပဲအဖြစ်များတဲ့ တခြားကင်ဆာတွေကတော့ ဝှေးစေ့ကင်ဆာ၊သည်းခြေပြွန်ကင်ဆာ၊အစာရေမျိုကင်ဆာ၊မုတ်ချိုအိတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာတွေပဲဖြစ်ပါတယ်။ကင်ဆာဖြစ်တယ်ဆိုတိုင်းစိတ်ဓာတ်ကျစရာတော့မလိုပါဘူး။စောစောစစ်ဆေးသိရှိရင် ကုသနိုင်တာမို့လို့  မိမိခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့အခြေအနေတခုခုသတိထားမိပါက နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သွားရောက်ပြသပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။


Share this post
Tags
Archive
ပန်းသေပန်းညှိုးဖြစ်တာကို ကြိုတင်ကာကွယ်နိုင်လား