အိပ်နေတဲ့အချိန် ခြင်ထောင်ထဲမှာ တဝီဝီနဲ့ ခြင်မြည်နေရင် သည်းခံနိုင်ကြပါသလား? အိပ်ခါနီး စိတ်ရှုပ်အောင် လုပ်နေတဲ့အသံကြောင့် အသံပိုင်ရှင်ကို မရမကရှာပြီး အမှုန့်ခြေချင်စိတ်တွေ ပေါ်ကောင်းပေါ်လာနိုင်ပါတယ်။ဒီကိစ္စဟာ လူအများစု ဖြစ်နေကျထုံးစံမို့ မထူးဆန်းပါဘူး။ဒါပေမယ့် အစာစားရင် ထွက်လာတဲ့အသံတွေကိုပါ သည်းမခံနိုင်အောင် စိတ်အနှောက်အယှက်ဖြစ်ကြသူတွေလည်းရှိပါတယ်။ဒါကိုတော့ အသံတွေကို မခံနိုင်တဲ့ရောဂါ လို့ ခေါ်ပါတယ်။
အသံတွေကို မခံနိုင်တဲ့အခြေအနေမှာ ၂ မျိုးရှိပါတယ်။ကျယ်လောင်တဲ့အသံ၊ဆူညံတဲ့အသံနဲ့ festival ပွဲတွေက အသံတွေကို ကြားရချိန်မှာ စိတ်ကိုထိန်းချုပ်လို့မရဘဲ အလွန်အမင်းကြောက်တာ က တမျိုးဖြစ်ပြီး အာလူးကြော်ဝါးတဲ့အသံ၊ရေစက်ကျနေတဲ့အသံ၊အစားစားရင် တပြက်ပြက်မြည်တဲ့အသံတွေကို သည်းမခံနိုင်တာက အခြေအနေတမျိုးဖြစ်ပါတယ်။အပြုအမူနဲ့ လှုပ်ရှားမှုတွေကို သည်းမခံနိုင်တဲ့အခြေအနေမှာ မာတဲ့အစာတွေကိုဝါးနေတဲ့အသံ၊တခုခုကို ခေါက်နေတဲ့အသံ၊နာရီလက်တံမြည်တဲ့အသံ၊ဘောပင်ကိုနှိပ်ပြီးဆော့တဲ့အသံ၊ပလတ်စတစ်နဲ့ စာရွက်တွေ ကို လုံးခြေသံတို့အပြင် အသက်ပြင်းပြင်းရှူတာကိုပါမခံနိုင်တဲ့အထိ ဆိုးဝါးတာမျိုးရှိတတ်ပါတယ်။
ဒီဒုတိယအခြေအနေမှာ ပထမအခြေအနေအသံကျယ်ကိုကြောက်တာလို ထိတ်လန့်သွားတာမျိုးမဟုတ်ဘဲ စိတ်ရဲ့အခြေအနေကို ဆွသလို ဖြစ်နေတဲ့အတွက် နှလုံးခုန်မြန်၊အသက်ရှူသံပြင်းလာပြီး စိတ်တိုတာ၊စိတ်ကသိကအောင့်ဖြစ်တာမျိုး ကိုဖြစ်လာစေပါတယ်။ဒါမျိုးက အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အထူးသဖြင့် လူပျိုဖော်၊အပျိုဖော်ဝင်စအရွယ်တွေမှာ အဖြစ်များပါတယ်။မိန်းကလေးတွေမှာ 55-83% လောက်ပိုဖြစ်နိုင်ပြီး စိတ်ရောဂါတော့မဟုတ်ပါဘူး။ဒါပေမယ့် ခံစားချက်တွေကို သေချာမထိန်းချုပ်နိုင်တဲ့အခါ နေ့တိုင်းအသက်ရှင်ရတဲ့အခြေအနေမှာ စိတ်ပိုင်းဆိုင်ရာခက်ခဲမှုများ တနေ့ထက် တနေ့ ပိုဆိုးလာနိုင်ပါတယ်။
လူ ၅ ယောက်မှာ ၁ ယောက်ဖြစ်တတ်တဲ့ အသံတွေကို သည်းမခံနိုင်တဲ့ဒီအခြေအနေမျိုးမှာ ရွေးချယ်စရာ ၂ မျိုးပဲရှိပါတယ်။တသက်လုံး ဒီအသံတွေကို စိတ်အနှောက်အယှက်ဖြစ်ခံပြီးနေမလား(ဒါမှမဟုတ်) မကြိုက်ပေမယ့် ကျင့်သားရအောင်နေပြီး တွန်းလှန်မလား ဆိုတာ မိမိရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။မတွန်းလှန်နိုင်ဘူးဆိုရင် ကြာရှည်လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာတင်သာမက ခန္ဓာကိုယ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေအထိ ဖြစ်လာနိုင်ပါတယ်။ကိုယ့်ပတ်ဝန်းကျင်ကလူတစ်ယောက်အစာစားနေတဲ့အချိန် အသံမြည်နေတာကိုကြားရတဲ့အခါ ကြက်သီးထခြင်း၊ချွေးထွက်လာခြင်း၊နှလုံးခုန်မြန်ခြင်း၊ရင်တုန်ခြင်း တို့အပြင် အခြေအနေအရမ်းဆိုးတဲ့အခါ ရင်ဘတ်အောင့်ပြီး သွေးပေါင်တက်တာတွေပါ ဖြစ်နိုင်ပါသေးတယ်။
တကယ်လို့ ပြန်တွန်းလှန်ပြီး ကျင့်သားရအောင်နေမယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ဆရာတွေမှ တဆင့် စိတ်ပိုင်းဆိုင်ရာဆွေးနွေးပေးပြီး အပြုအမူပိုင်းဆိုင်ရာ(cognitive behavioral therapy) ပြောင်းလဲမှုတွေ လေ့ကျင့်ပေးပါလိမ့်မယ်။ဒါကြောင့်မို့ အသံတွေကို ပုန်းရှောင်မနေဘဲ ကျင့်သားရတဲ့အထိ တူတူကြိုးစားကြည့်ရအောင်နော်။