Combating Burnouts

Combating Burnouts - ခြေကုန်လက်ပန်းကျနေပြီလား


လူတိုင်းဘဝမှာ စိတ်ရောကိုယ်ပါ ဒုန်းဒုန်းကျပြီး လက်ရှိဘဝ‌ကနေ ထွက်ပြေးချင်လောက်အောင် ပင်ပန်းနေတဲ့အချိန်မျိုးကို ဖြတ်ကျော်ဖူးကြမှာပါ…

ဒီလိုပင်ပန်းနွမ်းနယ်မှုတွေကို Burnouts လို့ နာမည်တပ်နိုင်ပါတယ်။ Burnout လို့ခေါ်တဲ့ ခြေကုန်လက်ပန်းကျတာက ရိုးရိုးပင်ပန်းတာနဲ့ မတူတာကတော့ တာရှည် စိတ်ဖိစီးမှုတွေကနေ စုပေါင်းပြီး ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု အခြေအနေတစ်ခု ဖြစ်တာကြောင့်ပါ။

ဒီလို ခြေကုန်လက်ပန်းကျတာကို သာမန်ကျောင်းသားကျောင်းသူတွေကနေ professional လုပ်ငန်းလုပ်ကိုင်နေကြသူတွေထိ လူတိုင်းမှာ တစ်ချိန်မဟုတ်တစ်ချိန် ခံစားဖူးကြမှာပါ။ သူကနေတစ်ဆင့် စိတ်ဓာတ်ကျတာ၊ စိုးရိမ်မှုများတာနဲ့ အခြားကျန်းမာရေးပြဿနာတွေပါ ဆက်ဖြစ်စေနိုင်တာမလို့ ခြေကုန်လက်ပန်းကျနေချိန်တွေကို ဘယ်လိုတိုက်ဖျက်ရမလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။

ပထမဆုံးအနေနဲ့ကတော့ ခြေကုန်လက်ပန်းကျခြင်းရဲ့ warning signs တွေဖြစ်တဲ့ အချိန်တိုင်း မောပန်းနွမ်းနယ်နေခြင်း၊ စိတ်တို/စိတ်ဆတ်လွယ်ခြင်း၊ ကောင်းကောင်းအိပ်မပျော်ခြင်း၊ motivation တွေ ပျောက်နေခြင်းတို့အပြင် အလုပ်နဲ့ နေ့စဉ်ဘဝတို့မှာ အဆက်အသွယ်ပြတ်နေသလို ခံစားရခြင်း စတဲ့ ခံစားချက်တွေကို သတိပြုမိဖို့ အရေးကြီးပါတယ်။ 


ဒီလက္ခဏာတွေထဲက တစ်ခုခုကို သတိပြုမိပြီဆိုရင် ခြေကုန်လက်ပန်းကျမှုတွေက သင့်ဘဝကို မလွှမ်းမိုးသွားခင် ကြိုတင်ကာကွယ်နည်းတွေနဲ့ ကိုယ်က အရင်လက်ဦးမှုယူထားဖို့ လိုတယ်နော်။


အနားယူပါ - ကုန်သွားတဲ့ အားတွေပြန်ပြည့်စေဖို့ ပုံမှန်အနားယူပေးဖို့က အရေးကြီးပါတယ်။ ခန္ဓာကိုယ်ရော ဦးနှောက်ပါ အနားရမှ အလုပ်ကောင်းကောင်း ဆက်လုပ်နိုင်မှာမလို့ ဝါသနာပါတဲ့ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ ဇာတ်ကားကြည့်တာတို့ကို လုပ်ပေးရင်း စိတ်ကို အနားပေးပေးပါ။


ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ - ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပါ၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပြီး ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုလည်း ဂရုစိုက်ပေးပါ။


စိတ်အေးချမ်းမှုကိုရှာပါ - စိတ်သွားမှကိုယ်ပါ ဆိုသလို ခန္ဒာကိုယ်ကျန်းမာရေးနဲ့အတူ အရေးကြီးဆုံးကတော့ စိတ်ကျန်းမာရေးပါပဲ။ ဒါကြောင့် စိတ်ငြိမ်းချမ်းမှုကိုပေးတဲ့ ယောဂကျင့်တာ၊ တရားထိုင်တာတို့ကို လေ့ကျင့်ပေးဖို့လည်း မမေ့ပါနဲ့နော်။


အိပ်ရေးဝအောင်အိပ်ပါ - အိပ်ရေးမဝခြင်းက စိတ်တိုလွယ်ခြင်းနဲ့ အာရုံမစိုက်နိုင်ခြင်းတို့ကို ဖြစ်စေပြီး အားအင်ကုန်ခမ်းစေတာမလို့ တစ်နေ့ကို အနည်းဆုံး အိပ်ချိန် 6-8နာရီလောက်ရအောင် ဂရုစိုက်ပေးပါ။


နိုင်သလောက်ဝန်ဘဲ ထမ်းပါ - လုပ်စရာအလုပ်တွေ အရမ်းများနေတဲ့အခါ စိတ်ပူပန်မှု‌တွေ အလိုလိုပိုများပြီး ခြေကုန်လက်ပန်း ကျချင်လာပါတယ်။ ဒါကြောင့် ကိုယ်နိုင်သလောက် တာဝန်ပဲထမ်းပါ၊ ကိုယ့် limit ကိုယ်အသိဆုံးမလို့ အပိုအလုပ်တွေကို ငြင်းဖို့ မတွန့်ဆုတ်ပါနဲ့နော်။


အကူအညီရယူပါ - အရမ်းပင်ပန်းလာတဲ့အခါ အကူအညီတောင်းဖို့ မကြောက်ပါနဲ့။ ယုံကြည်စိတ်ချရတဲ့သူ၊ ဒါမှမဟုတ် စိတ်ကုထုံးပညာရှင်တို့ဆီမှာ ခံစားနေရတာတွေကို ဖွင့်ဟပြောဆိုလိုက်တာက စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့အပြင် ခြေကုန်လက်ပန်းကျမှုကို တိုက်ဖျက်ဖို့ အကြံဉာဏ်ကောင်းတွေလဲ ရနိုင်မှာပါ။


လူတိုင်းက ခြေကုန်လက်ပန်းကျမှုတွေကို ခံစားရတဲ့ အကြောင်းအရင်း တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တာမလို့ ‌ဖြေရှင်းပုံချင်းလည်း တူမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့ အဆင်ပြေလောက်မယ့်နည်းလမ်းတွေကို ရှာဖွေပြီး ပင်ပန်းလာတဲ့အချိန်တွေမှာ အကူအညီရယူဖို့က အရေးအကြီးဆုံးပါ…


ဟုတ်ကဲ့ပါ ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ ကျေးဇူတင်ပါတယ်။ ပြီး​​တော့ …

မိမိရဲ့ စိတ်အဆင်မ​ပြေမှု​တွေအတွက်ဖြစ်​စေ စိတ်ကျန်းမာ​ရေးအတွက် ဖြစ်​စေ ဖြည့်စွက်​အားဖြည့်​ဆေးဝါးများဝယ်ယူရန် သို့မဟုတ် အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါက https://mymedicine.com.mm/r/psyကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။









Share this post
Tags
Archive
Benefits of meditation