ဒေါသကတကယ်ငယ်ထိပ်ကိုဆောင့်တက်တာလား?

ဒေါသကတကယ်ငယ်ထိပ်ကိုဆောင့်တက်တာလား?


ခုနောက်ပိုင်း ခေတ်စားနေတဲ့ စကားလုံးတလုံးရှိပါတယ်။လူကြီးလူငယ်မရွေး စိတ်တိုတဲ့အခါ "သွေးတက်လိုက်တာဟယ်" ဆိုပြီး ပြောတတ်တဲ့ အသုံးအနှုန်းပဲ ဖြစ်ပါတယ်။ဒါကိုတနည်းအားဖြင့် “ဒေါသထွက်တာ ငယ်ထိပ်ကို ဆောင့်တက်သွားတာပဲ" ဟူ၍လည်း သုံးနှုန်းကြပါတယ်။ဒေါသထွက်တဲ့ အခါ ငယ်ထိပ် ထိ ဒေါသ က ဆောင့်တက်တာလား၊ တင်စားပြောဆိုတာလား ဆိုတာကို လေ့လာကြည့်ရအောင်။

ဒေါသထွက်ခြင်းကြောင့် သွေးတိုးရှိသူဖြစ်စေ၊သွေးပေါင်ချိန်ပုံမှန်သမားပဲဖြစ်စေ နဂိုမူလ သွေးပေါင်ချိန်ထက် အနည်းငယ်တက်သွားလေ့ရှိကြပါတယ်။တခါတရံမှာ ဒေါသထွက်ခြင်းနှင့်အတူ ခေါင်းကျိန်းခြင်း၊ခေါင်းကိုက်ခြင်းနဲ့ ငယ်ထိပ်တည့်တည့်ကပူလာခြင်းတွေပါ ဖြစ်တတ်ကြပါတယ်။တကယ်ပဲ ဒေါသ က ငယ်ထိပ်ထိ ဆောင့်တက်သွားလို့ ဒီလက္ခဏာတွေဖြစ်လာတာလား ဆိုတာ စဉ်းစားစရာပါပဲ။

ဒေါသထွက်တဲ့အခါ စစချင်းမှာ ပြန်ရင်ဆိုင်ရမလား၊ထွက်ပြေးရမလား ဆိုပြီး ဦးနှောက် က ခွဲခြားတတ်ပါတယ်။အဲဒီအခါ adrenaline နဲ့ cortisol လို့ခေါ်တဲ့ဟော်မုန်းတွေ ထွက်လာပါတော့တယ်။ဟော်မုန်းတွေထွက်လာမှုကြောင့် ဦးနှောက်က အူတွေနဲ့ ကြွက်သားတွေဆီကိုသွားတဲ့ သွေးစီးဆင်းမှုတွေကို ခေတ္တတုံ့ဆိုင်းလိုက်ပါတယ်။စိတ်တိုတဲ့အချိန်ဗိုက်မဆာတဲ့ဖြစ်စဉ်ဟာ ဒါနဲ့လည်း ဆက်စပ်နေပြန်ပါသေးတယ်။အဲဒီအခါမှာတော့ အသက်ရှူမြန်ခြင်း၊နှလုံးခုန်မြန်ခြင်းတို့အပြင် သွေးဖိအားပါတက်လာတတ်ပါတယ်။လည်ပင်း၊နောက်ကျော၊ဂုတ်ပိုးနဲ့ ဦးခေါင်းခွံတခုလုံးကလည်း တင်းပြီးတောင့်လာတဲ့အတွက် ဒေါသထွက်တဲ့အခါ ငယ်ထိပ်တွေပါကျိန်းစက်ပြီးတောင့်တင်းတယ်လို့ အထင်ရှိကြတာပဲဖြစ်ပါတယ်

စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျခြင်း၊မိသားစုကိစ္စ၊အိပ်ရေးမဝခြင်း၊ငွေရေးကြေးရေးပြဿနာများနဲ့ အရက်အလွန်အကျွံသောက်သုံးခြင်း တွေ က ဒေါသထွက်တာကို ပိုမြန်ပြီး ပိုဆိုးစေပါတယ်။ဆူနာမီလှိုင်းကြီးသလို၊မီးတောင်ကြီးတခုလုံး ပေါက်ကွဲသွားသလို အရှိန်နဲ့ ဒေါသထွက်တဲ့အခါ ပြန်ထိန်းချုပ်နိုင်စွမ်းနည်းကြပါတယ်။ဒီလိုဒေါသထွက်တာကို မထိန်းနိုင်တဲ့အခါ ရုတ်တရက်သွေးပေါင်ချိန်မြင့်ခြင်း၊ခေါင်းကိုက်ခြင်းနဲ့ အခန့်မသင့်ရင် လေဖြန်းခြင်းတွေကိုပါ ဖြစ်သွားစေနိုင်ပါတယ်။

ဒါကြောင့်မို့ ဒေါသ က ငယ်ထိပ်ဆောင့်တက်သလားဆိုရင် ဆောင့်တက်တတ်ပါတယ်။ဆောင့်တက်တဲ့အတွက်ကြောင့် တခါတရံမှာ အသက်သေတဲ့အထိ စိတ်ပူစရာကောင်းတာမို့ တရားထိုင်ခြင်း၊journal ရေးခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ဝါသနာပါရာတခုခုလုပ်ခြင်းအားဖြင့် ဒေါသကိုထိန်းချုပ်နိုင်ကြပါစေ။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



Share this post
Tags
Archive
စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုစီမံခန့်ခွဲကြမလဲ