မင်္ဂလာပါစာဖတ်ပရိသတ်တို့ရေ . . .
ကျွန်တော်တို့တော်တော်များများက စိတ်ကျန်းမာရေးရယ်လို့ စဉ်းစားလိုက်တဲ့အခါ အာဟာရကို အဓိကကျတဲ့ အချက်တစ်ခုအဖြစ် ဆက်စပ်ပြီး မစဉ်းစားတတ်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေက ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားစွာရှိနေတယ်ဆိုတာ သတိထားမိပါသလား။
နေ့စဉ်စားသုံးနေတဲ့ အစားအစာထဲမှာ ကျွန်တော်တို့ရဲ့ ဦးနှောက်နှင့် အာရုံကြောစနစ်တွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့အတွက် အရေးပါလှတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် ဒီpostလေးမှာတော့ ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေး တိုးတက်စေဖို့အတွက် မရှိမဖြစ် လိုအပ်လှတဲ့ အာဟာရတွေကို ဘယ်လိုအစားအသောက်တွေဆီက ရယူနိုင်မယ်ဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Omega-3 Fatty Acids: Omega-3 ဆိုတာ ဦးနှောက်နဲ့ အာရုံကြောစနစ် အလုပ်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီတစ်မျိုးပြီး စိတ်ခံစားချက်၊ မှတ်ဉာဏ်နဲ့ သိမြင်မှုကို သက်ရောက်မှုရှိနိုင်တဲ့ အာရုံကြောများကြား အချက်ပြမှုတွေပေးတဲ့နေရာမှာ ကူညီပေးပါတယ်။ Omega-3 ချို့တဲ့နေမယ်ဆိုရင် စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုတို့ကို ဖြစ်စေနိုင်ပြီး မှတ်ဉာဏ်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် Omega-3 ရဲ့ အရင်းအမြစ်တွေဖြစ်တဲ့ ဆော်လမွန်ငါး၊ တီလားပီးယားငါး (ဆလားဗီးယားငါး)၊ ငါးကြင်း၊ တိုဟူးနဲ့ သစ်ကြားသီး စတာတွေကို ပုံမှန်စားသောက်ပေးရင်း အာရုံကြောတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဗီတာမင် B: ဗီတာမင် B ကတော့ စိတ်ခံစားချက်၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုအဆင့်များကို ထိန်းညှိပေးတဲ့ အာရုံကြောဓာတ်ထုတ်လွှတ်မှုကို ထိန်းညှိပေးတာကြောင့် ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးတဲ့နေရာမှ ပါဝင်ပါတယ်။ ဗီတာမင် B ချို့တဲ့ပါက စိတ်ဓာတ်ကျခြင်းနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြစ်စေနိုင်တာကြောင့် အစေ့အဆန်များ (whole grains)၊ ပဲစေ့များ၊ အခွံမာသီးများနှင့် အစိမ်းရောင်အရွက်တွေ စားပေးပြီး ဗီတာမင် Bဓာတ်တွေ စုပေးဖို့လည်း လိုပါသေးတယ်။
Probiotics: Probiotics ဆိုတာ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်အောင် ကူညီပေးနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ အူလမ်းကြောင်းက စိတ်ခံစားချက်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေ ထုတ်ပေးတဲ့အတွက် အူကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကြား ခိုင်မာတဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြပါတယ်။ Probiotics ဓာတ် လုံလုံလောက်လောက် မရရှိပါက အစာအိမ်တွင်း ဘက်တီးရီးယားတွေကို ဟန်ချက်မညီဖြစ်စေပြီး အစာချေဖျက်မှုဆိုင်ရာ ပြဿနာတွေနဲ့ ရောင်ရမ်းခြင်းအပြင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ Probiotics ကိုတော့ ဒိန်ချဉ်၊ မုန်ညင်းချဉ်နဲ့ ကင်မ်ချီတို့လို အချဉ်ဖောက်ထားတဲ့ အစားအစာတွေ စားသုံးခြင်းကနေ ရရှိနိုင်ပါတယ်။
Antioxidants: Antioxidants တွေက ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေတဲ့ ဓာတ်တိုးဆန့်ကျင်ဖိစီးမှု (oxidative stress) ရန်မှ ကာကွယ်ပေးပါတယ်။ နေ့စဉ်အစားအသောက်ထဲမှာ antioxidants ဓာတ်တွေ လျော့နည်းနေပါက စိတ်ကျန်းမာရေးကို ထိခိုက်စေကာ စိတ်ဓာတ်ကျခြင်းနဲ့ မှတ်ဥာဏ်ကျဆင်းမှု ဖြစ်နိုင်ခြေ ပိုများစေတာကြောင့် သရက်သီး၊ လိမ္မော်သီး၊ ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်တို့လို သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို မဖြစ်မနေ ထည့်သွင်းစားသောက်ပေးဖို့ အရေးကြီးပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့် အသားငါးတို့လို အာဟာရကြွယ်ဝတဲ့ အစားအစာတွေကို မျှတစွာ စားသုံးပေးခြင်းက ကျွန်တော်တို့ရဲ့ ဦးနှောက် အလုပ်ကောင်းစွာလုပ်နိုင်ရန် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် ပြုပြင်ထားတဲ့ အစားအစာတွေ (processed food) နဲ့ အချိုဓာတ်များတဲ့ အစားအသောက်တွေကို လျှော့စားပေးတာကလည်း စိတ်ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အာဟာရဓာတ်တွေအပေါ် သေချာဂရုပြုပေးခြင်းဖြင့် ကျွန်တော်တို့ရဲ့ ခနွာကိုယ်အတွက်သာမက စိတ်ကျန်းမာရေးကိုပါ တိုးတက်စေနိုင်မှာဖြစ်ကြောင်း အသိပေးရင်း ဒီpostလေးကို အဆုံးသတ်လိုက်ရပါတယ်။