လတ်တလောဖြစ်ပွါးနေတဲ့ အအေးမိနှာစေးပုံစံမျိုးနဲ့လာတဲ့ ဗိုင်းရပ်စ်ပိုးဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ထဲကရှိထားပြီးသား ရောဂါပိုးတမျိုးဖြစ်ပါတယ်။လက္ခဏာတွေက တုပ်ကွေးရောဂါပိုးနဲ့ဆင်ပေမယ့် အသက်ငယ်တဲ့ကလေးငယ်တွေ(အထူးသဖြင့် အသက် ၅ နှစ်အောက်)နဲ့ အသက် ၆၅ နှစ်အထက်လူကြီးတွေ၊ခုခံအားနည်းတဲ့လူတွေမှာ သေစေတဲ့အထိဖြစ်တတ်တဲ့ရောဂါပိုးဖြစ်လို့ ခုလို ထိတ်လန့်နေရခြင်းပဲဖြစ်ပါတယ်။
အဓိကအားဖြင့် မိုးတွင်းနဲ့ ဆောင်းတွင်းမှာ အဖြစ်များပြီး ကူးစက်ပုံကတော့ ရောဂါပိုးရှိသူဆီက ထွက်လာတဲ့အမှုန်အမွှားများ(ချောင်းဆိုးခြင်း၊နှာချေခြင်း)နဲ့ထိတွေ့မိခြင်း မှတဆင့် ကူးစက်နိုင်သလို ခန္ဓာကိုယ်တိုက်ရိုက်ထိတွေ့ခြင်း၊ပွေ့ဖက်ခြင်း၊နမ်းရှုံ့ခြင်းမှတဆင့်လည်း ကူးစက်နိုင်ပါတယ်။အထူးသဖြင့် အဆုတ်လေကျန်ရောဂါရှိသူတွေ၊နာတာရှည်အဆုတ်ရောင်သူတွေနဲ့ ပန်းနာရင်ကြပ်ရောဂါရှိသူတွေမှာ ရောဂါအခြေအနေပိုဆိုးတဲ့အထိ ဖြစ်စေနိုင်လို့ အထူးသတိထားရပါမယ်။
ရောဂါပိုးစဝင်ပြီး ၃ ရက်မြောက်ကနေ တပတ်အတွင်း လက္ခဏာ စပြတတ်ပါတယ်။ချောင်းဆိုးခြင်း၊နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ဖျားခြင်း၊ ကိုယ်ပူခြင်း၊ လည်ချောင်းနာခြင်း၊ အနီစက်ထွက်ခြင်း၊ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊အသက်ရှုမဝခြင်း တို့ဖြစ်တတ်ပေမယ့် များသောအားဖြင့် နှစ်ရက်ကနေ ငါးရက်အတွင်း သူ့အလိုလိုသက်သာသွားတတ်ပါတယ်။သေချာမကုသဘဲ နေရင်တော့ နောက်ဆက်တွဲအနေနဲ့ လေပြွန်ရောင်ခြင်း၊လေအိတ်ငယ်လေးများရောင်ခြင်း၊အဆုတ်ရောင်ခြင်း နဲ့အတူ နားတွင်းအမြှေးပါးရောင်ခြင်းတို့ဖြစ်ပွါးနိုင်ပါတယ်။
ဒီရောဂါပိုးကိုကုသနိုင်တဲ့ဆေးမပေါ်သေးပါဘူး။ဒါပေမယ့် ရောဂါလက္ခဏာတွေကို သက်သာအောင် အောက်ဆီဂျင်ပေးခြင်း၊ခုခံအားအတွက်ထိုးဆေး၊သောက်ဆေးများပေးခြင်း၊ဖျားနာပျောက်ဆေး၊အကိုက်အခဲပျောက်ဆေးနဲ့နှာစေးချောင်းဆိုးပျောက်ဆေးတို့အပြင် ရေဓာတ်ဖြည့်ပေးရန်အတွက် ပုလင်းကြီးများချိတ်ပေးခြင်း အစရှိသည်တို့ကို တတ်ကျွမ်းတဲ့ဆရာဝန်တွေက လူနာရဲ့ရောဂါအခြေအနေပေါ်မူတည်ပြီး လိုအပ်သလို ကုသပေးကြပါတယ်။
ရောဂါဆိုတာ မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်တဲ့အတွက် လက်ကိုမကြာခဏ ဆပ်ပြာနဲ့ ရေနဲ့ ဆေးပါ။ချောင်းဆိုး၊နှာစေး၊နှာချေနေရင် mask တပ်ပါ။လူစုလူဝေးရှောင်ပါ။အနားယူခြင်း၊ရေဓါတ်ပြည့်ဝအောင်နေခြင်းနဲ့ အာဟာရပြည့်ဝအောင် စားခြင်းတို့ဖြင့် ခုခံအားကောင်းအောင် နေထိုင်ကြပါစို့လား။