ဝဲနေတာ လိပ်ပြာလေးတွေပဲ ကောင်းပါတယ်

ဝဲနေတာ လိပ်ပြာလေးတွေပဲ ကောင်းပါတယ်


ကုတ်လိုက်ရတာ…..

ဟိုနားကို ကုတ်လိုက်၊ဒီနားကို ကုတ်လိုက်…..

ကုတ်နေရင်းနဲ့ ယားလိုက်၊ယားနေရင်းနဲ့ကုတ်လိုက်……..

ကိုယ်ကုတ်နေရင်းနဲ့ နောက်ပိုင်းအိမ်ကလူတွေပါ လိုက်ကုတ်လာရလိုက်နဲ့…….

သံသရာကို လည်နေပါရောပဲလား….

ခန္ဓာကိုယ်မှာ ပြည်ဖု တွေနေရာအနှံ့ပါ ပေါက်နေတတ်ပြီး အရမ်းယားလို့ တချိန်လုံးကုတ်နေရတာမျိုး ဖြစ်ဖူးကြလား။အဲဒါဟာ ကူးစက်မြန်တဲ့ ဝဲ ရောဂါပဲ ဖြစ်ပါတယ်။ဝဲ ဟာ အရေပြားချင်းထိရုံနဲ့ ကူးစက်လွယ်တဲ့ရောဂါတခုဖြစ်ပြီး အဓိကအားဖြင့်တော့ တကိုယ်လုံးမှာ ဖြစ်တတ်ပေမယ့်လက်ချောင်းကြား၊ခြေချောင်းကြားနဲ့ တင်ပါးကြားမှာ အဖြစ်များပါတယ်။

ဝဲ က တကယ်တော့ မသန့်လို့ဖြစ်ရခြင်းဖြစ်ပါတယ်။မိုးတွင်း မြောင်းတွေ၊ဗွက်ရေအိုင်တွေမှာ ဆင်းဆော့ရင်လည်း ဖြစ်သလို မွှား လို့ ခေါ်တဲ့ အိမ်က ဖုန်တွေကြားမှာနေတဲ့ အကောင်တွေ ကိုက်ခံရာမှ တဆင့်လည်း ဖြစ်တတ်ပါတယ်။ဖြစ်ခါစ ခန္ဓာကိုယ်မှာ နီနီဖုလေးတွေ စပေါ်လာမယ်၊အထူးသဖြင့် ညဖက်ဆို မခံမရပ်နိုင်အောင် အရမ်းယားလေ့ရှိမယ်၊ပြီးရင်တော့ ဖြစ်တဲ့နေရာမှာ အညိုရောင်၊အမဲရောင် အမာရွတ်လေးတွေ ကျန်ခဲ့တတ်ပါတယ်။ကလေးငယ်တွေနဲ့ သန့်ရှင်းမှုအားနည်းတဲ့သူတွေမှာဆိုရင် ခေါင်းတွေ၊မျက်နှာတွေနဲ့ လက်ဖဝါး၊ခြေဖဝါးမှာပါ ဝဲ ပေါက်တတ်တာကို မြင်ရမှာပဲဖြစ်ပါတယ်။

ဝဲ က ကူးစက်မြန်ရောဂါတခုဖြစ်လို့ သိသိချင်း တပတ်အတွင်းမှာ ထိရောက်တဲ့ကုသမှု ခံယူဖို့ အရမ်းလိုအပ်ပါတယ်။မဟုတ်ရင်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်တခုလုံးကို ကူးစက်သွားရုံသာမက အတူနေမိသားစုနဲ့ အိမ်သားတွေကိုလည်း အလွယ်တကူ ကူးစက်သွားမှာ ဖြစ်လို့ စနစ်တကျ သန့်ရှင်းရေးနဲ့ ဆေးကုသမှုကို အမြန်ပြုလုပ်ရပါမယ်။ရောဂါပြင်းထန်နှုန်းပေါ်မူတည်ပြီး ၂ လကြာတဲ့အထိ ဆေးလိမ်း၊ဆေးသောက်ပြုလုပ်ရနိုင်ပါတယ်။

ဆေးသောက်ပြီး တလကြာတဲ့အထိတောင် တခါတရံ ယားနေတတ်သေးတဲ့အထိ ဝဲ ရဲ့ စွမ်းအား က ကြီးမားလှပါတယ်။အတူနေမိသားစုထဲက တယောက်ဆီမှာ ဝဲ ပေါက်ပြီဆိုရင် အသုံးအဆောင်ပစ္စည်း ခွဲထားပေးရပါမယ်။ပြည်ဖုတွေ ဖောက်တာမျိုး တားမြစ်ရပါမယ်။ယားလို့ကုတ်ထားတဲ့ လက် ကို သေချာမဆေးဘဲ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို ထိတာ၊ တခြားလူကို ထိတာ ရှောင်ကြဉ်ရပါမယ်။

အိပ်ရာခင်း၊စောင်နဲ့ အဝတ်အစားတွေကို ရေနွေးပူပူထဲ အနည်းဆုံး ဆယ်မိနစ်ကြာအောင် ထည့်ပြုတ်ပြီးမှ လျှော်ရပါမယ်။အိမ်ကိုလည်း ဖုန်မရှိအောင်သန့်ရှင်းရေး လုပ်ရပါမယ်။ဝဲ ရောဂါ ခံစားနေရက်နဲ့ ရေသွားကူးတာမျိုး၊လိင်ဆက်ဆံတာမျိုး လုံးဝမပြုလုပ်သင့်ပါဘူးနော်။ကလေးတွေမှာ ဖြစ်နေတာဆိုရင်လည်း မူကြိုကျောင်းနဲ့ အတန်းတွင်း အတန်းဖော်တွေ၊အတူကစားသူတွေကို မကူးစက်ရလေအောင် သန့်ရှင်းရေးကို ဂရုစိုက်ပေးဖို့ အထူးလိုအပ်ပါတယ်။

မခွဲနိုင်မခွါရက် ဝဲ တွေသာ ရှိနေလို့ကတော့ ကိုယ်လည်း ယား၊အနားကလူတွေလည်း ယား၊တအိမ်လုံးလည်း ယားနေမှာမို့ ကုတ်မဆုံးနိုင်ဖြစ်မယ့် ကူးစက်မြန်ရောဂါတခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့ အနားမှာ ဝဲ တယ်ဆိုတာ လိပ်ပြာလေးတွေပဲ ကောင်းပါတယ်နော် စာဖတ်သူတို့ရယ်။

ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/dematoကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


Share this post
Tags
Archive
ဘယ်လိုပြဿနာတွေကို အရေပြားဆရာဝန်နဲ့ပြသနိင်တာလဲ