တခုခုကို အာရုံစိုက်လိုက်တာနဲ့ နားထင်နားဖက် က နာလာပြီး မျက်လုံးတွေ ကျိန်းစပ်လာတာ ကြုံတွေ့ဖူးပါသလား။တနေကုန် laptop သုံးနေရလို့ဖြစ်ဖြစ်၊အချိန်ကို သတိမထားမိဘဲ ဖုန်းနဲ့ ဂိမ်းဆော့နေတာပဲဖြစ်ဖြစ် တခါတလေ မျက်ရည်ပူတွေပါ ကျတဲ့အထိ ဖြစ်နိုင်ပါသေးတယိ။ဒါကို ကျွန်မတို့ က မျက်ရိုးကိုက်တယ်လို့ ခေါ်ဝေါ်ကြပါတယ်။
မျက်ရိုးကိုက်ပြီဆိုတာနဲ့ သွေးတိုးစေတဲ့အစားအစာတခုခု၊အချိုမှုန့်ပါတာမျိုး တခုခု စားလိုက်မိလို့လား။ဒါမှမဟုတ် မျက်မှောင်ကျုံ့ပြီး အာရုံစိုက်မိနေလို့လား လို့ တွေးကြတဲ့အပြင် မျက်မှန်ရှိသူတွေ ပထမဆုံးထင်ကြတာက မျက်မှန်ပါဝါတိုးတာလားပေါ့နော်။မျက်ရိုးကိုက်တာနဲ့အပြင် မျက်ရည်ပူကျတာ၊အမြင်အာရုံတွေ ဝေဝါးတာ၊ အလင်းဒဏ်မခံနိုင်တာ၊မျက်သားခြောက်တာ၊ ဇက်ကြော/ပုခုံးကြော နာကျင်တောင့်တင်းတာ၊မျက်လုံးနဲ့နှာခေါင်းကြားအပေါ်နားက ဆွဲညှစ်ထားတာမျိုး ခံစားရနိုင်ပါတယ်။တကယ်တော့ မျက်ရိုးကိုက်တယ်ဆိုတာ မျက်လုံးပတ်ချာလည်က ကြွက်သားတွေ ညောင်းညာလို့ ဖြစ်လာတာပဲဖြစ်ပါတယ်၊
မျက်လုံး က မျက်လုံးခွက်ထဲမှာ တည်မြဲနေဖို့ဆိုရင် ဘေးကနေ ကြွက်သားတွေနဲ့ ထိန်းထားရပါတယ်။ကျွန်မတို့ တခုခုကို အာရုံစူးစိုက်တာကြာတဲ့အခါ မျက်လုံးကြွက်သားတွေ တောင့်တင်းပြီး မျက်ရိုးကိုက်လာပါတော့တယ်။ဒီလိုအခြေအနေမျိုး က မျက်မှန်ပါဝါတိုးဖို့လိုတဲ့သူတွေသာမက မျက်မှန်ပါဝါမတိုးရတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ဥပမာအားဖြင့် မျက်လုံးထဲပိုးဝင်ပြီး မျက်ဝတ်အများကြီးထွက်တဲ့အခါ၊အလင်းစူးစူးကိုအကြာကြီးကြည့်ရတဲ့အခါ၊ညဖက် မီးပိတ်ပြီး ဖုန်းနဲ့စာဖတ်/ရုပ်ရှင်ကြည့်လုပ်တဲ့အခါ၊စိတ်ဖိစီရမှုများပြီးခေါင်းကိုက်တဲ့အခါနဲ့ ခေါင်းတခြမ်းကိုက်ရောဂါရှိတဲ့သူတွေမှာ မျက်ရိုးကိုက်တာခံစားရနိုင်ပါတယ်။
မျက်လုံးမကိုက်အောင် ကာကွယ်တဲ့ဆေးဆိုတာ မိမိကသာ မျက်ရိုးကိုက်စေတဲ့နည်းလမ်းတွေ မရှောင်ကြဉ်ဘဲ ဆက်လုပ်နေမယ်ဆိုရင် တကယ်တော့ အကျိုးမထူးလှပါဘူး။မျက်ရိုးကိုက်တဲ့အခါ မျက်လုံးနဲ့မျက်ခုံးတွေပေါ်နှိပ်နယ်ပေးခြင်းအားဖြင့် ကြွက်သားတောင့်တားကို လျော့ကျစေပါတယ်။မျက်လုံးကို မှိတ်ထားပြီး ရေပတ်ဝတ်တင်ပေးခြင်းကလည်း ထူးထူးခြားခြားသက်သာတာကိုတွေ့ရပါတယ်။ခန္ဓာကိုယ် လေ့ကျင့်ခန်းလုပ်သလို နေ့စဉ်မျက်လုံးလေ့ကျင့်ခန်းပြုလုပ်ခြင်းကလည်း မျက်လုံးကြွက်သားတင်းတာကို သက်သာစေပါတယ်။မျက်ရည်အတုလိုမျိုး မျက်စဉ်းခတ်ပေးခြင်းကလည်း မျက်လုံးတဝိုက်အကြောလျှော့စေပါတယ်။မျက်ရိုးကိုက်တာအပြင် ဇက်ကြောတွေပါထိုးနေပြီဆိုရင်တော့ ခန္ဓာကိုယ်ထိုင်တဲ့အနေအထားကို ပြန်ဆင်ခြင်ပြီး ကျီးပေါင်းတက်နေလား သတိပြုစေချင်ပါတယ်။
အိပ်ရေးဝဝအိပ်ပြီး အာဟာရပြည့်ဝအောင်စားသုံးခြင်းကလည်း မျက်လုံးညောင်းညာတာတွေကို တဖက်တလမ်းက သက်သာစေပါတယ်။တကယ်လို့ ဒီနည်းတွေအတိုင်းလုပ်တာတောင် မသက်သာဘဲ အမြင်တွေပါဝေဝါးနေပြီဆိုရင်တော့ မျက်စိဆရာဝန်နဲ့သွားရောက်တိုင်ပင်ပြီး တကယ်ပဲ မျက်မှန်ပါဝါတိုးတာလားဆိုတာ စမ်းသပ်ဖို့ မမေ့နဲ့နော်။