မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…
အသည်း ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က အစာတွေကို ချေဖျက်တဲ့နေရာမှာ ကူညီပေးသလို အင်အားတွေကို သိုလှောင်တာ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားတာတွေကိုလည်း လုပ်ဆောင်ပါတယ်။ သူက ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး စားသုံးလိုက်တဲ့ထဲမှာပါတဲ့ အဆီတွေကို သိမ်းဆည်းထားပေးပါတယ်။ အစာခြေဖို့လိုအပ်တဲ့ သည်းခြေရည်တွေကိုထုတ်ပေးပါတယ်။
ဒီလောက်ဆိုရင်တော့ အသည်းဆိုတာဟာ ခန္ဓာကိုယ်အတွက် အလုပ်အများဆုံးကြိုးစားလုပ်ဆောင်ပေးနေရတဲ့ ကိုယ်တွင်းအင်္ဂါ တစ်ခုဖြစ်တာမို့ အသည်းလေးကျန်းမာနေဖို့ အရေးကြီးတယ်ဆိုတာကို ခန့်မှန်းမိလောက်ပါပြီနော်။
ဒီတစ်ခေါက်တော့ အသည်းလေးကျန်းမာစေဖို့အတွက်လို့ ဆိုကြတဲ့အခါမှာ အသည်းလေးကို ဒဏ်ရာတွေမပေးမိဖို့ကလဲ အရေးကြီးတာကြောင့် ဒဏ်ရာပေးတဲ့အရာလေးတွေကို ရှောင်နိုင်ဖို့ တင်ပြပေးသွားပါမယ်။
အသည်းပြဿနာတွေနဲ့ အသည်းရောဂါတွေဟာ အမျိုးမျိုးသော အကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ သိသာထင်ရှားတဲ့ အများစုကိုပြောရမယ်ဆိုရင်တော့ ဗိုင်းရပ်စ်ပိုးတွေ၊ အရက်သေစာနဲ့ အဝလွန်ခြင်းတို့ကြောင့်လို့ ဆိုရပါမယ်။
ဒီထဲမှာမှ ခေါင်းစဥ်လေးကအတိုင်း ပြန်ကောက်ရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ အပြုအမူ အနေအထိုင်အပေါ်မှာ မူတည်ပြီးတော့အသည်းကို ဒဏ်ရာအပေးဆုံးသူကတော့ အရက်သေစာ (Alcohol) ပဲဖြစ်ပါတယ်။
အရက်ဘီယာဟာ အသည်းကို ဆိုးကျိုးများစွာနဲ့ ထိခိုက်စေနိုင်ပြီးတော့ အသည်းရောင်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်းတို့ကနေ အသည်းကင်ဆာရောဂါထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အမင်း သောက်သုံးခြင်းက အသည်းကို ကြီးမားတဲ့ ဒဏ်ရာတွေပေးနေတယ်ဆိုတာ သတိရပါ။
အလွန်အမင်းဆိုတာကိုသတ်မှတ်ရာမှာတော့ ဆေးဝါးသုတေသီများက ဒီလိုဆိုပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက်ဆိုလျှင် တစ်ပတ်ကို အရက် (၁၅)ပက်နှင့်အထက်ကိုဆိုလိုခြင်းဖြစ်ပြီး အမျိုးသမီးများအတွက်ဆိုရင်တော့ အရက် (၈)ပက်နှင့်အထက် သောက်သုံးခြင်းကို ဆိုလိုပါတယ်။
ဒါ့အပြင် .. ကျနော်တို့ သတိမထားမိဘဲ မေ့နေတတ်တဲ့ နောက်ထပ်အရာတစ်ခု ရှိနေပါသေးတယ်။ သူကလဲ အသည်းကို အရက်နဲ့တန်းတူ ဒဏ်ရာတွေ ပေးနိုင်စွမ်းရှိတဲ့သူပဲဖြစ်ပါတယ်။ အဲ့တာကတော့ သကြားပဲဖြစ်ပါတယ်။ Refined Sugar လို့ခေါ်တဲ့ သန့်စင်ပြီးသား သကြားအားလုံးဟာ အရက်နဲ့တန်းတူ အသည်းကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ စစ်တမ်းများမှာတွေ့ရှိ အတည်ပြုထားတာဖြစ်ပါတယ်။ ရိုးရိုးသကြားတွေသာမက .. ဆိုဒါတွေ၊ အအေးတွေ၊ သကြားလုံးတွေမှာပါဝင်တဲ့ Added Sugar တွေကလည်း ထိုနည်းတူပဲဖြစ်ပါတယ်။
ဒါဆိုရင်တော့ အရက်ကိုမှ ဆိုဒါတွေ ကိုလာတွေနဲ့ရောပြီး အလွန်အမင်းသောက်နေဦးမယ်ဆိုရင် ကိုယ်ကိုယ်တိုင်က အသည်းကို ဒဏ်ရာအများဆုံးပေးတဲ့သူဖြစ်နေတော့မှာ အသေအချာပါပဲ။
ဟုတ်ကဲ့ပါ ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးတဲ့အတွက်လဲကျေးဇူတင်ပါတယ်။ ပြီးတော့ …
အသည်းကျန်းမာရေးအတွက် ဖြည့်စွက်အားဖြည့်ဆေးဝါးများဝယ်ယူလိုလျှင်ဖြစ်စေ၊ အထူးကုဆရာဝန်ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။