ဝက်သက်ရောဂါ လို့ ပြောကြတဲ့အခါ ကလေးငယ်တွေပဲဖြစ်တယ်လို့ ထင်ကြပေမယ့် အရွယ်ရောက်ပြီးသားလူကြီးတွေမှာလည်း ဝက်သက်ပေါက်နိုင်ပါတယ်။ဝက်သက် ဆိုတာ ကူးစက်နှုန်းမြန်တဲ့ပြင်းထန်ရောဂါ တခုဖြစ်ပြီး ချောင်းဆိုး၊နှာချေ၊အသက်ရှူရာကနေတဆင့် ထွက်လာတဲ့ ပိုးတွေကနေတောင် ကူးစက်နိုင်ပါတယ်။
ဝက်သက်ရောဂါပိုး စဝင်တဲ့ ၁၀ ရက်မှ ၂ ပတ်အတွင်း ခန္ဓာကိုယ်မှာ သိသိသာသာ အနီပြင်ပေါ်လာတတ်ပါတယ်။နှာစေးခြင်း၊ချောင်းဆိုးခြင်း၊ဗိုက်အောင့်ခြင်း၊ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊မျက်စိနီရဲပြီး မျက်ရည်ပူကျခြင်းနဲ့ ပါးစောင်ထဲမှာ အဖြူအစက်လေးတွေပေါ်လာခြင်းတို့က အတွေ့ရများတဲ့ လက္ခဏာလေးတွေပဲ ဖြစ်ပါတယ်။ဒီလက္ခဏာတွေကတော့ သာမန်အခြေအနေဆိုရင် ၄ ရက်ကနေ တပတ်ထိကြာမြင့်ပြီး အလိုလိုပျောက်ကင်းလေ့ရှိပါတယ်။
ဒါ့အပြင် ရောဂါပိုးစဝင်ပြီး ၇ ရက်ကနေ ၂ ပတ်မှာတော့ မျက်နှာနဲ့လည်ပင်းမှာ အနီစက်လေးတွေ စတင်ပေါ်လာတတ်ပါတယ်။အစက်ထွက်ပြီး ၃ ရက်လောက်ကြာရင်တော့ လက်နဲ့ခြေထောက်တွေမှာပါ နေရာစုံပေါက်လာပြီး တပတ်လောက်ကြာရင် သက်သာသွားပါတယ်။ဝက်သက်ရောဂါဟာ ငယ်ရွယ်စဉ်မှာပေါက်ပေါက်၊အသက်ကြီးမှ ပေါက်ပေါက်ကာကွယ်ဆေးမထိုးထားရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ရောဂါတခုဖြစ်ပါတယ်။
ရောဂါကူးစက်နိုင်ချေရှိတဲ့အချက်တွေကတော့ ဗီတာမင် A ချို့တဲ့ခြင်း၊ရောဂါပိုးရှိတဲ့အရာတွေနဲ့ ထိတွေ့မိခြင်း၊ရောဂါအစုအပြုံလိုက်ဖြစ်ပွါးရာနေရာသို့သွားမိခြင်း၊ရောဂါပိုးကူးစက်ခံထားရသူနဲ့ နီးနီးကပ်ကပ်နေပြီး အသုံးအဆောင်တွေမျှဝေသုံးစွဲခြင်းတွေကြောင့် ဝက်သက်ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ဝက်သက်ရောဂါဟာ သေချာမကုသရင် နောက်ဆက်တွဲအနေနဲ့အဆုတ်ရောင်ရောဂါ၊နားပြည်တည်ခြင်း၊ဦးနှောက်အမြှေးရောင်ခြင်း၊လမစေ့ဘဲ ကလေးမွေးခြင်း၊ကိုယ်ဝန်ပျက်ကျခြင်း၊မျက်လုံးကွယ်ခြင်းတို့ အပြင်ပြင်းထန်တဲ့ ဝမ်းလျှောရောဂါတွေကိုခံစားရနိုင်ပါတယ်။
အကယ်၍ ဝက်သက်ရောဂါကူးစက်ခံရတယ်လို့ သံသယရှိပါက ကောင်းကောင်းအနားယူပါ။ရေများများသောက်ပါ။ဆရာဝန်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးအပါအဝင်သောက်ဆေးများသောက်ပါ။တခြားသူကိုကူးစက်မှုမရှိစေရန် ရောဂါဖြစ်နေစဉ် မိမိဘာသာတကိုယ်တည်းနေပါ။ဆားပြုတ်ရည်နဲ့ အာလုပ်ကျင်းပါ။ဝက်သက်ရောဂါကို သေချာပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးမရှိသေးတဲ့အတွက် ကြီးမှပဲဝက်သက်ပေါက်ပေါက်၊ငယ်ငယ်ထဲကပဲ ပေါက်ပေါက် ရောဂါမဖြစ်ခင် ကြိုတင်သေချာကာကွယ်နိုင်ဖို့က အဓိကအရေးပါတဲ့အချက်ပဲဖြစ်ပါတယ်။
ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။