နှာခေါင်းသွေးလျှံတယ်ဆိုတာ နှာခေါင်းအတွင်းထဲမှာရှိတဲ့သွေးကြောမျှင်ပါးလေးတွေ ပြဲရာကနေတဆင့် နှာခေါင်းပေါက်ထဲက သွေးယိုစီးကျတဲ့ဖြစ်စဉ်ဖြစ်ပေါ်လာခြင်းကိုဆိုလိုပါတယ်။တခါတလေ နွေရာသီ နေအရမ်းပြင်းနေရင်ပဲဖြစ်ဖြစ်၊ဆောင်းရာသီလေထုခြောက်သွေ့ရင်ပဲဖြစ်ဖြစ်၊လက်နဲ့ ကလော်မိရာကဖြစ်ဖြစ် နှာခေါင်းသွေးလျှံလာတတ်ပါတယ်။
နှာခေါင်းသွေးလျှံတဲ့နေရာမှာ နှာခေါင်းတပေါက်ထဲကလည်းဖြစ်နိုင်သလို နှစ်ဖက်လုံးက လည်း ပြိုင်တူဖြစ်နိုင်ပါတယ်။ဒါပေမယ့် သွေးလျှံတာက ပြဿနာ ကြီးကြီးမားမားမရှိဘဲ ပြန်ပျောက်သွားလေ့ရှိတာများပါတယ်။ ဒါပေမယ့် ခဏခဏနှာခေါင်းသွေးလျှံတတ်နေရင်တော့ ရောဂါအခံတခုခုများဖြစ်နေသလားဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုအပ်လာပါတယ်။အထူးသဖြင့် နှာခေါင်းနဲ့လည်ချောင်းထဲမှာ ရောဂါရှိခြင်း၊သွေးကျဲဆေးသောက်နေရခြင်း၊ရိုးတွင်းခြင်ဆီရောဂါ၊သွေးကင်ဆာ၊သွေးမတိတ်တဲ့ရောဂါနဲ့ တခြားကင်ဆာရောဂါ တွေဟာလည်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။
နှာခေါင်းသွေးလျှံတဲ့အခါ နှာခေါင်းအရှေ့ဖက်ကလား၊အနောက်ဖက်ကလားဆိုတာ ချင့်ချိန်စဉ်းစားဖို့ လိုပါတယ်။ပုံမှန်နှာခေါင်း အရှေ့ပိုင်းကသွေးကြောတွေပေါက်ပြီသွေးထွက်တတ်တဲ့ ကိစ္စကအဖြစ်များပေမယ့် နှာခေါင်းအနောက်ပိုင်း ကထွက်တဲ့သွေးတွေကျတော့ အပြင်ကို ထွက်မလာဘဲ လည်ချောင်းထဲပြန်စီးဝင်သွားတတ်ပါတယ်။ ဒီနှာခေါင်း အနောက်ပိုင်း သွေးထွက်တဲ့ပြဿနာဖြစ်ရင်တော့ ပိုစိုးရိမ်ရတတ်ပါတယ်။ကားအက်စီးဒန့်ဖြစ်တာ၊နှာခေါင်းကို ထိခိုက်ဒဏ်ရာရတာ၊နှာခေါင်းရိုးကျိုးတာနဲ့ ဦးခေါင်းခွဲကွဲတာတွေဆိုရင်တော့ နှာခေါင်းအနောက်ပိုင်းသွေးယိုတဲ့ကိစ္စကိုဖြစ်စေတတ်ပါတယ်။
နှာခေါင်းသွေးလျှံတယ်ဆိုတာ လူတိုင်းဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဖြစ်လာပြီဆိုရင် ပျာယာခတ်တာ၊နှာခေါင်းညှစ်တာကို၊လှဲအိပ်တာကို ရှောင်စေချင်ပါတယ်။မဟုတ်ရင် သွေးထွက်တာက ပိုများပြီးပိုဆိုးစေနိုင်လို့ပဲဖြစ်ပါတယ်။ပြီးရင်တော့ ပါးစပ်ကနေ အသက်ရှူပါ။ရေခဲရှိလျှင် နှာခေါင်းရိုးပေါ် ရေခဲဝတ်/ရေစိုဝတ်လေးကပ်ထားပေးပါ။၅ ရက်-၁ ပတ်အတွင်း ချောင်းအပြင်းအထန်ဆိုးတာ၊ဝမ်းညှစ်တာ၊ ပစ္စည်းအလေးတွေမတာ၊ ပြင်းပြင်းထန်ထန်နှာချေတာတွေကို ရှောင်ကြဉ်ပေးရပါမယ်။
တကယ်လို့ နှာခေါင်းသွေးလျှံတာ မိနစ် ၂၀ ကျော်ရင်၊ခေါင်းနဲ့နှာခေါင်းတဝိုက်ထိခိုက်ဒဏ်ရာရထားရင်၊သွေးရောဂါတခုခုရှိရင်၊ခန္ဓာကိုယ်မှာ အညိုကွက်/အမည်းကွက်ပေါ်နေရင်၊အသက်ရှူရခက်ခဲလာရင်၊ဖြူဖျော့လာရင် နီးစပ်ရာဆေးခန်းကိုအမြန်သွားရောက်ပြီး နှာခေါင်းသွေးလျှံတာသက်သာအောင် စပရေးဖြန်းတာမျိုး၊နှာခေါင်းထဲ သွေးတိတ်အောင်ဆေးရည်တမျိုးနဲ့ဂွမ်းဆို့ထားတာမျိုးတွေလုပ်ပေးလို့ရပါတယ်။ဒီလိုအခြေအနေတွေမဟုတ်ရင်လည်း အသက် ၂ နှစ်အောက်နဲ့ ၆၀ အထက်ဆိုရင်လည်း ဆေးခန်းအမြန်သွားပြသင့်ပါတယ်။နှာခေါင်းသွေးလျှံတဲ့ကိစ္စကလူတိုင်းဖြစ်ဖူးနေကျဆိုပေမယ့် ခဏခဏဖြစ်နေရင် သတိထားရမယ့်အကြောင်းလေးတွေကို ဖော်ပြလိုက်ရပါတယ်ရှင်။