ကျန်းမာရေးရည်ရွယ်ချက်ဖြင့် တင်ဆက်ထားခြင်းဖြစ်ပါသည်။
အိမ်ထောင်သည်ဖြစ်စေ၊သမီးရည်းစားအချင်းချငိးဖြစ်စေ တယောက်နဲ့တယောက် နှစ်ဦးသဘောတူညီမှုနဲ့ တူတူနေကြတဲ့အခါ အကာအကွယ်ပစ္စည်း ကွန်ဒုံး လိုအပ်လာပါတယ်။ကွန်ဒုံး ဟာ လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေကို ၉၈ ရာခိုင်နှုန်းထိ လျှော့ချပေးရုံသာမက မလိုလားအပ်တဲ့ကိုယ်ဝန်ရခြင်းမှလည်း တားဆီးပေးနိုင်ပါတယ်။ဒါပေမယ့် ကွန်ဒုံးလို့ ခေါ်တဲ့ဦးထုပ်လေးနဲ့ တားပေမယ့်လည်း တခါတလေ ပေါက်ပြဲသွားတာ၊ကျွတ်ထွက်သွားတာမျိုးကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် အတူနေစဉ်မှာ ကွန်ဒုံးပေါက်မပေါက် သိနိုင်ဖို့ က နှစ်ဖက်လုံးအတွက် အရေးကြီးလှပါတယ်။အတူနေနေတုန်း ချက်ချင်းသိနိုင်တာကတော့ လိင်ဆက်ဆံနေစဉ်အတွင်း ပုံမှန်မဟုတ်တဲ့ ပေါက်သွားသည့် ခံစားချက်ကိုသတိထားမိနိုင်ပါလိမ့်မယ်။ရုတ်တရက် အသားချင်းထိတွေ့နေခြင်း၊ဒါမှမဟုတ် ကိုယ့်အမျိုးသားအင်္ဂါက ကွန်ဒုံးထဲမှာရှိတဲ့ချောဆီကို သေချာမခံစားရတော့ခြင်း အပြင် သုက်ရည်များ စိမ့်ထွက်လာပါက ပေါက်ပြဲသွားကြောင်း သတိထားမိသွားနိုင်ပါတယ်။
အသုံးပြုပြီးနောက် စစ်ဆေးတဲ့နည်းလမ်းထဲမှာ ကွန်ဒုံးကို ချွတ်ပြီး အလင်းရောင်ထဲမှာ ပြဲရာ၊ ပေါက်ရာ သို့မဟုတ် ပူစီဖောင်းလေလုံးများ ရှိမရှိ ကြည့်ရသလိုမျိုးပဲ ကွန်ဒုံးကို ရေဖြင့်ဖြည့်၍ လေလုံမှုကို စစ်ဆေးနိုင်ပါသေးတယ်။ဒါပေမယ့် ရေထည့်ပြီး စစ်ဆေးတဲ့အခါ သုက်ရည်တွေနဲ့ ရောထွေးညစ်ပတ်ကုန်မှာ ဖြစ်တဲ့အတွက် ရေနဲ့စစ်ဆေးတာကိုတော့ သိပ်အားမပေးချင်ပါဘူး။ကွန်ဒုံးကို ဖောက်တဲ့နေရာမှာလည်း လက်နဲ့ပဲဖောက်စေချင်ပါတယ်။ကတ်ကြေးလိုပစ္စည်း အသုံးပြုမိရင် မသိမသာတနေရာရာမှာ ပေါက်သွားတတ်လို့ပဲဖြစ်ပါတယ်။
ကွန်ဒုံးပေါက်ရသည့် အကြောင်းရင်းများစွာရှိတဲ့အနက် အသုံးပြုမှုမှားယွင်းခြင်း က အများဆုံးဖြစ်ပါတယ်။ပြောင်းပြန်စွပ်မိခြင်း၊ နှစ်ထပ်စွပ်မိခြင်း၊ကိုယ်နှင့်မကိုက်ညီသော အရွယ်အစား မသုံးမိခြင်းတွေ က ပေါက်ပြဲမှုကို ကြိုဆိုနေသလိုပါပဲ။ နေရောင်တိုက်ရိုက်ကျတဲ့နေရာ၊ ပူလွန်းတဲ့နေရာတွေမှာ သိမ်းဆည်းမိခြင်း သို့မဟုတ် ရက်လွန်ကွန်ဒုံးသုံးခြင်းကလည်း ကွန်ဒုံးရဲ့ ကာကွယ်နိုင်စွမ်းအားကို လျော့ကျစေပါတယ်။
အခန့်မသင့် ကွန်ဒုံးပေါက်သွားရင်လည်း ပြာယာမခတ်သွားဘဲ လိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများနဲ့ ကိုယ်ဝန်ရနိုင်ခြေကို လျှော့ချဖို့ ၂၄ နာရီအတွင်း ဆရာဝန်နဲ့တိုင်ပင်ပြီး ကြိုတင်ကာကွယ်ဖို့ ပြုလုပ်ရပါမယ်။ဒါ့အပြင် ရှက်ကြောက်မနေဘဲ ကွန်ဒုံးအသုံးပြုမှု မှန်ကန်စေရန် မျိုးဆက်ပွါးကျန်းမာရေးနည်းလမ်းတွေကို သေချာလိုက်နာကျင့်သုံးဖို့ မမေ့နဲ့နော်။